မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ထရွိုင်းစ်တို့ရဲ့ပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပီအက်စ်ဂျီက ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက အဓိကတိုက်စစ်ကစားသမားသုံးယောက်ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့လည်း ဂိုးတွေ အသီးသီး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မက်ဆီက သွင်းဂိုးတဂိုးကို လှလှပပသွင်းယူနိုင်ခဲ့သလို နေမာကလည်း ထာဝရအကောင်းဆုံး ဖန်တီးပေးမှုဖြစ်နိုင်တဲ့ အရာတခုကို ပြုလုပ်ပြခဲ့ပါတယ်။ ကွင်းလယ်မှာ ဘောလုံးရလာတဲ့ နေမာဟာ ပြိုင်ဘက်ကစားသမားတွေ ဟန့်တားနေတဲ့ကြားကနေ တောက်လျှောက် ဆွဲပြေး ယူလာနိုင်ခဲ့ပါတယ်။
ဧရိယာထိပ်အရောက်မှာတော့ နေမာက လှပတဲ့လှည့်ကွက်နဲ့ အသင်းဖော် အမ်ဘာပေရဲ့ လမ်းကြောင်းထဲကို ဘောလုံး ခင်းပေးခဲ့ပါတယ်။ နေမာ ဖန်တီးပေးလိုက်တဲ့ ဒီဘောလုံးကို အမ်ဘာပေက အကောင်းဆုံး အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားနဲ့ ထိထွက်သွားခဲ့ပြီး နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း နေမာရဲ့ ဖန်တီးမှုကိုတော့ ပရိသတ်တွေက ချီးကျူးနေကြဆဲပါ။
ပြိုင်ဘက် ကစားသမားသုံးယောက်လောက်က နေမာကို လုံးဝရုန်းမရအောင် ညှပ်ဖို့ ကြိုးစားခဲ့ပေမယ့် နေမာက မရမက ဖောက်ထွက်သွားခဲ့ပြီး နောက်ထပ် နောက်ခံလူ နှစ်ယောက်ကြားထဲကနေ ခြေဖနောင့်နဲ့ အမ်ဘာပေအတွက် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေရဲ့ ကန်ချက်ကတော့ ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်း ဂိုးသမားနဲ့သာ ထိထွက်ခဲ့တာပါ။
ပရိသတ်တွေကတော့ “နေမာသာ အနားယူသွားခဲ့ရင် ဘောလုံးလောကကြီးက သေဆုံးသွားမှာပဲ” “ဒါက ဒီရာသီအတွက် အကောင်းဆုံး ဖန်တီးမှုဖြစ်နိုင်ခဲ့ပါတယ်” “အမ်ဘာပေက နေမာရဲ့ အံ့အားသင့်ဖွယ် ဖန်တီးမှုကို ဓားပြတိုက် ဖျက်ဆီးပစ်ခဲ့တာပဲ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ အမ်ဘာပေကလည်း အကောင်းဆုံး အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့တာကြောင့် ဒီအခွင့်အရေးက နေမာအတွက်ရော၊ အမ်ဘာပေအတွက်ပါ နစ်နာခဲ့ရပါတယ်။