ပရိသတ်တွေအကြား ရန်ပွဲကြောင့် လူသေဆုံးမှုက အခုထက် ပိုမိုများလာနိုင်ပါတယ်။

မက္ကဆီကိုကလပ်နှစ်သင်းဖြစ်တဲ့ အမ်အိတ်စ်ကွာတယ်ရိုနဲ့ အက်တ်လတ်စ်တို့ပွဲကတော့ ပွဲကစားချိန်မပြီးဆုံးခင်မှာတင် ရပ်ဆိုင်းခဲ့ရသလို ကမ္ဘာ့ဘောလုံးလောကအတွက် ကြီးမားတဲ့သွေးချောင်းစီး ပွဲစဥ်တပွဲလည်းဖြစ်ခဲ့ပါပြီ။

ဒီနှစ်သင်းပရိသတ်တွေအကြားမှာ ရန်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့နောက် လူသေဆုံးမှုက (၁၇) ယောက်အထိရှိတယ်လို့ သတင်းတွေက ဖော်ပြထားပြီး ဒဏ်ရာရရှိမှုကလည်း အလွန်များပြားနေတယ်လို့ သိရှိရပါတယ်။ ဒေသတွင်းသတင်းထောက်တွေဟာ ကွင်းအတွင်းက ကြောက်စရာမြင်ကွင်းတွေကို ဆင်ဆာမဖြတ်ဘဲ ဖော်ပြနေကြတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။

မက္ကဆီကိုလိဂ်အဖွဲ့ချုပ်နဲ့ ကွာတယ်ရိုတို့ကတော့ လက်ရှိအချိန်ထိ လူသေဆုံးမှုတွေကို အတည်မပြုနိုင်သေးဘဲ သတင်းထောက်တွေ၊ နီးစပ်တဲ့သတင်းရင်းမြစ်တွေကတဆင့်သာ ဒီကိန်းဂဏန်းတွေကို အတည်ပြုနေရပါတယ်။ အဲ့ဒါကြောင့်လည်း တကယ်မြေပြင်အရေအတွက်နဲ့ ကွာဟမှုက မကြာခဏဆိုသလို ရှိနေပါတယ်။

ဒေသတွင်းအာဏာပိုင်တွေက ဒဏ်ရာရသူအရေအတွက်က (၂၂) ယောက်ရှိတယ်လို့ဆိုပြီး အဲ့ဒီထဲက (၉) ယောက်က အရေးပေါ်အခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အနည်းဆုံး လူ (၆) ယောက် သေဆုံးခဲ့ပြီဆိုတာကိုလည်း အာဏာပိုင်တွေက အတည်ပြုပေးခဲ့ပြီး သေဆုံးမှုစာရင်းက ထပ်မံမြင့်တက်လာဦးမယ်လို့ သိရှိရပါတယ်။

ဒီလိုမျိုးရုပ်ဆိုးအကျည်းတန်ခဲ့တဲ့ဖြစ်ရပ်အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံး အပြည့်အဝ တာဝန်ယူရမယ်လို့ မက္ကဆီကိုလိဂ်အဖွဲ့ချုပ်ကဆိုထားပါတယ်။ အထူးသဖြင့် ဒီပွဲအတွက် ကွာတယ်ရိုကွင်းမှာ ကွင်းလုံခြုံရေးမရှိသလောက် လျော့ရဲခဲ့တာက ဒီလိုအခြေအနေဆိုးတွေအထိ ရောက်ရှိစေခဲ့ရတာဖြစ်ပြီး ဒီကနေ့ (တနင်္ဂနွေ) မှာ ကစားမယ် မက္ကဆီကိုလိဂ်ပွဲတွေအားလုံးကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကလည်း ဖြစ်စဥ်မှာ ပါဝင်ပတ်သက်ခဲ့သူအားလုံးကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားထားပြီး အုပ်စုဖွဲ့ရန်ဖြစ်မှုမြင်ကွင်းပုံရိပ်တွေက မြင်ရသူတွေအတွက် တော်တော်လေးလည်း တုန်လှုပ်စရာကောင်းခဲ့ပါတယ်။ မက္ကဆီကိုလိဂ်အဖွဲ့ချုပ် ဥက္ကဌ မီခေးလ်အာရွိုင်လာကလည်း “ကွာတယ်ရိုကွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုက လုံးဝကို လက်ခံစရာမရှိဘဲ ဝမ်းနည်းစရာကောင်းပါတယ်”

“ကွင်းအတွင်း လုံခြုံရေးအားနည်းချက်အတွက် တာဝန်ရှိတဲ့သူအားလုံးကို စံနမူနာအဖြစ် အရေးယူသွားမှာဖြစ်ပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အိမ်ရှင် ကွာတယ်ရိုကလည်း ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူအားလုံးကိုလည်း ပြင်းထန်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

Share

က္က