အဂွေရိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကနေ ဘာစီလိုနာကို ရောက်ရှိလာခဲ့တာပါ။

ဘာစီလိုနာတိုက်စစ်မှူး အဂွေရိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စပိန်မြေကို ရောက်ရှိလာတာဖြစ်ပြီး လက်ရှိအချိန်အထိ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအတွက် တစ်ပွဲမှမကစားရသေးပါဘူး။



မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း အဂွေရိုကိုခေါ်ယူဖို့ အသင်းတော်တော်များများက စောင့်ကြည့်ခဲ့ကြပြီး ဒီအထဲမှာတော့ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်လည်း ပါဝင်ခဲ့တာပါ။ အီတလီအခြေစိုက်သတင်းဌာနတစ်ခုရဲ့ဖော်ပြချက်အရ အဂွေရိုကို ဂျူဗင်တပ်စ်က ခေါ်ယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် အသက် (၃၃) နှစ်အရွယ် အဂွေရိုဟာ စပိန်မြေမှာလည်း ကျင်လည်ခဲ့ဖူးပြီး ဒီတစ်ကြိမ်မှာတော့ လက်ရွေးစင်အသင်းဖော် မက်ဆီနဲ့ ကလပ်အသင်းမှာပါ တွဲကစားခွင့်ရရှိဖို့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာပါ။ ဂျူဗင်တပ်စ်ဟာ အဂွေရိုကို လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ဘဲ ဘာစီလိုနာကို မရောက်ခင် နောက်တစ်ကြိမ် ကမ်းလှမ်းခဲ့သေးတယ်လို့ဆိုပေမယ့် အဂွေရိုကတော့ ဘာစီလိုနာကိုသာ ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့် မက်ဆီကို လက်လွှတ်ခဲ့ရပြီး မက်ဆီနဲ့ ကလပ်မှာတွဲကစားချင်တဲ့ အဂွေရိုရဲ့အိပ်မက်တွေကလည်း ပျက်ပြယ်ခဲ့ရပါတယ်။ မက်ဆီထွက်ခွာသွားပြီးနောက် အဂွေရိုကလည်း ဘာစီလိုနာကို ချက်ချင်းပြန်လည်စွန့်ခွာလိမ့်မယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့သေးတာပါ။

အဲ့ဒီနောက် အဂွေရိုဟာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်အထိ ဘာစီလိုနာအတွက် ကစားပေးနိုင်ခြင်းမရှိသေးတာကြောင့် ဒဏ်ရာအကြောင်းပြနေတယ်လို့လည်း ဝေဖန်သံအချို့ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဘာစီလိုနာဟာ မက်ဆီထွက်ခွာသွားပြီးနောက်ပိုင်း အသင်းရဲ့ကျောနံပါတ် (၁၀) ဂျာစီကို အဂွေရို ဆက်လက်ဝတ်ဆင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဂွေရိုကတော့ မက်ဆီအပေါ် လေးစားမှုရှိတာကြောင့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၀) ကို လာမာစီယာအကယ်ဒမီထွက် အန်ဆုဖာတီက ဝတ်ဆင်လျက်ရှိပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်နှစ်သင်းလုံး အားရစရာအနေအထားတွေမှာ မရှိပေမယ့် ဂျူဗင်တပ်စ်ရဲ့ နောက်ပိုင်းခြေစွမ်းကတော့ ဘာစီလိုနာထက် များစွာသာလွန်နေတယ်လို့ဆိုနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ဂျူဗင်တပ်စ်ကို (၂) ကြိမ်တိုင်တိုင်ငြင်းပြီး မက်ဆီနဲ့တွဲကစားဖို့ ဘာစီလိုနာကို ရောက်လာတဲ့ အဂွေရိုရဲ့အဖြစ်က ပရိသတ်တွေအတွက် ရယ်ရခက်၊ ငိုရခက် ထပ်ဖြစ်စေမှာ သေချာပါတယ်။ 

Share

က္က