တချို့ပြဿနာတွေက ကိုယ်တိုင်လုပ်တာမဟုတ်ပေမယ့် ကိုယ့်အပေါ် ဆိုးကျိုးတွေ သက်ရောက်စေတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ကိုယ်တိုင်ထိန်းချုပ်လို့ မ ရတဲ့ ဘဝပြဿနာတွေ ရင်ဆိုင် ရတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်စိတ်ကို မထိခိုက်အောင် နေထိုင်ကြမလဲ။ ထိန်းချုပ်လို့ မ ရတဲ့ ပြဿနာတွေ ကြားထဲမှာ ကိုယ့်ဘဝကိုယ် အကောင်းဆုံးဖြစ်အောင် ရှင်သန်နေထိုင်ကြမလဲဆိုတာတွေကို တွေးတောလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ဖြစ်လာတဲ့ အခြေအနေကိုလက်ခံပါ
ကိုယ်တိုင် ထိန်းချုပ်လို့မရနိုင်တဲ့ ဘဝပြဿနာတွေ ကြုံလာရပြီဆိုပါက အခြေအနေက ဒီလိုဖြစ်သွားပြီဆိုတာကို လက်ခံတတ်ဖို့က အလွန်အရေးကြီးပါတယ်။ ပြဿနာတွေကြောင့် ငြီးငြူပြီး စိတ်ဆင်းရဲနေမယ့်အစား အကောင်းဆုံး ရင်ဆိုင်နိုင်အောင် ဘယ်လိုဆက်လုပ်မလဲ၊ ကိုယ့်ကိုယ်ကို ပြောင်းလဲပြင်လွယ်ဖြစ်အောင်၊ လောကဓံကို ခံနိုင်ရည် ရှိအောင် ၊ ဆက်ပြီး အသက်ရှင်သန်ကျန် ရစ်နေအောင် နေထိုင်တတ်အောင် စဥ်းစားထားဖို့ လိုပါတယ်။
Photo - Freepik
စိတ်ခံစားချက်တွေဖြစ်တာက ဘဘာဝလို့တွေးပါ
လက်တလောကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ဥပမာပေးရရင် ရေ၊မီး စတဲ့ အခြေခံလိုအပ်ချက်မပြည့်စုံတဲ့ အခြေအနေတွေကြောင့် ကိုယ့် ရဲ့ ရှင်သန်နေထိုင်ခွင့်ကို ခြိမ်းခြောက်နေတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာမယ်၊ စိုးရိမ်တဲ့ ခံစားချက်တွေ၊ ဒေါသထွက်တာတွေ ဖြစ်လာမယ်၊ ဘာဆက်လုပ်ရမှန်းမသိဘူး၊ စိုးရိမ်တယ်၊ ဒေါသထွက်တယ်၊ စိတ်အားငယ်တယ် စတဲ့ ခံစားချက်တွေ ဖြစ်လာမယ်။ ကိုယ့်အတွက် အဆင်မပြေစေတဲ့ အကြောင်းအရာတွေ ကြောင့် ဒီခံစားချက်ဖြစ်နေတယ်ဆိုတာက ဒါသာမန်ပါပဲ။ စိတ်တိုစရာ ရှိလို့ စိတ်တိုတာဆိုပြီး ဒီခံစားချက်တွေ ဖြစ်တာက သဘာဝလို့ တွေးလိုက်ပါ။
ခံစားချက်တွေကို ဖွင့်ထုတ်ပါ
ဒါကြောင့်မို့ ဒီအခြေအနေဆိုးကြီးကို ငါကတော့ လက်ခံလိုက်ရတော့ မယ်ဆိုတာထက် ဒီအခြေအနေက ဒီလောက်ဆိုးနေလို့ ငါဒေါသထွက်နေတာဆိုတဲ့ ကိုယ့်ခံစားချက်ကို အရင်ဆုံးအသိအမှတ်ပြုပါ။ ဒီအခြေအနေက ဒီလောက်ဆိုးတဲ့အတွက် ငါဝမ်းနည်းနေတာ၊ ငါစိတ်ဓာတ်ကျနေတာ ၊ ငါအသုံးမကျလို့ ဖြစ်တာမဟုတ်ဘူး။ အခြေအနေကြောင့် ဒီလိုဖြစ်သွားတာဆိုပြီး အရင်ဆုံးကိုယ့်ကိုယ်ကို အသိအမှတ်ပြုလက်ခံတတ်ဖို့ လိုပါတယ်။ ဒါတွေက သဘာဝပဲဆိုတာ လက်ခံပြီး ခံစားချက်တွေ လျော့ကျသက်သာသွားစေမယ့် နည်းလမ်းလေးတွေကို အသုံးပြုပြီး မိမိခံစားချက်တွေကို တပါးသူတွေလည်း မထိခိုက်အောင် ဖွင့်ထုတ်လိုက်ပါ။
တစ်သက်လုံးဒီလိုဖြစ်နေတာမဟုတ်ဘူးလို့ တွေးပါ
ပြဿနာတွေက ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတဲ့ အရာတွေ ရှိသလို ကိုယ့်ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ အရာတွေလည်း ရှိပါတယ်။ ဥပမာ - အခုဆို မီးပုံမှန်မလာဘူး။ ကိုယ်လည်း မီးပုံမှန်လာအောင် သွားလုပ်လို့မ ရဘူး။ အဲဒီတော့ ကိုယ့်ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ အ ရာတွေကို ဒါက ငါ့ထိန်းချုပ်မှုအောက်မှာ မရှိဘူး ငါဘာမှသွားလုပ်လို့မရဘူးဆိုတာ လက်ခံလိုက်ပါ။ ဒါဆို ငါတော့ တစ်ချိန်လုံးဒီတိုင်းဖြစ်နေတော့မှာလားလို့ တွေးမိတဲ့အခါ တစ်ချိန်လုံးတော့မဟုတ်ပါဘူး။ ဥပမာ- တစ်ချိန်လုံး မီးပျက်တာမဟုတ်ဘူး။ အချိန်နဲ့လာတာဖြစ်တယ်။ အဲဒါမျိုး ဖြစ်နိုင်ချေ ရှိတဲ့ တခြားအတွေးလေး တွေးလိုက်ပါ။ တစ်သက်လုံးဒီလိုဖြစ်နေတာမဟုတ်ဘူးဆိုပြီး နှလုံးသွင်းပါ။
Photo - Freepik
ဘဝကို အကောင်းဆုံးဖြစ်အောင်ရှင်သန်နေထိုင်ဖို့ ကြိုးစားပါ
အဖြစ်အပျက်ဆိုးတွေကြားမှာ အကောင်းဆုံး ရှင်သန်ကျန်ရစ်အောင် ဘာလုပ်မလဲဆိုတာ ကို တွေးတော့သင့်ပါတယ်။ ကိုယ့်ထိန်းချုပ်မှုပြင်ပမှာ ရှိနေတဲ့ ပြဿနာတွေကို ထိုင်ပြီး ဒေါသထွက်နေမယ့်အစား လက်ရှိအခြေအနေကို လက်ခံပါ။ လက်ရှိအခြေအနေကို လက်ခံလိုက်ပါလို့ ပြောတဲ့အခါ ငါတို့ဘဝတော့ ဒီလိုပဲ ဆိုးသွားတော့မှာပဲလို့ လက်ခံခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ အရာလေးမှာ အကောင်းဆုံးဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာ အရေးကြီးပါတယ်။ ကိုယ့်မိသားစုအတွက် ကိုယ့်အသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်တာလေးတွေကို လုပ်ပါ။ သူများက စိတ်ဆင်းရဲအောင်လုပ်တိုင်း၊ ဒုက္ခ ရောက်အောင်လုပ်တိုင်း အဲဒီနောက်မှာ မျောမပါဖို့လိုတယ်။
အခြေအနေဆိုးကြားမှာ စိတ်သက်သာရအောင် ဒီလိုနေကြမယ်။
၁။ အခြေအနေက ဒီလိုဖြစ်နေပြီဆိုတာကို လက်ခံပါ။
၂။ ဒါကို အကောင်းဆုံး ဘယ်လိုရင်ဆိုင်မလဲဆိုတာ တစ်ယောက်တည်း စဥ်းစား ဒါမှမဟုတ် ယုံကြည် ရတဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်သင့်တာတိုင်ပင်ပြီးတော့ နည်းလမ်းရှာပါ။
၃။ ဆိုရှယ်မီဒီယာကို လျှော့သုံးမယ်။ ရတဲ့အချိန်လေးမှာ ကိုယ်စိတ်နှလုံး ကျန်းမာဖို့ အနားယူပါ။
၄။ ဒီလောက်အတိုင်းအတာမှာ အကောင်းဆုံးဘယ်လိုနေထိုင်မလဲဆိုတာ တွေးပါ။
“ လက်ခံရမှာက ထိန်းချုပ်မှုပြင်ပမှာ ရှိတဲ့ အရာတွေ က ဘာတွေလဲ။ ထိန်းချုပ်မှု အတွင်းမှာ ရှိတဲ့ အ ရာတွေက ဘာတွေလဲဆိုတာ မြင်ပြီးလက်ခံပါ။ ကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ အရာတွေနဲ့ အကောင်းဆုံးနည်းလမ်းနဲ့ ဘယ်လို ဆက်သွားကြမလဲဆိုတာက အဓိကပါပဲ။ မဟုတ် ရင် ထိန်းချုပ်လို့ မရတဲ့ အခြေအနေကို ကြည့်ပြီး ဒေါသတွေ ထွက်ပြီးတော့မှ ဘာမှမလုပ်နိုင်ဘူးဆို ရင် ကိုယ့်အတွက် ဘာအကျိုးမှ မရှိပါဘူး” လို့ စိတ်ကျန်းမာ ရေးအကြံပေး ဆရာမ တစ်ဦးဖြစ်သူ Diana Lazing က အကြံပြုပြောဆိုပါတယ်။
သတင်းဆောင်းပါးပါ အချက်အလက်များသည် စိတ်ပညာနဲ့ ပတ်သက်ပြီး Professional Counsellor တစ်ဦးဖြစ်သူ Diana Lazing က ဆွေးနွေးဝေမျှထားခြင်းဖြစ်ပါသည်။