ဦးစောဒေးဗစ်(ခ) ဦးစောဒေးဗစ်လားမှာ COVID-19 ရောဂါပိုးတွေ့ရှိထားရတယ်လို့လည်း မရမ်းကုန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးမိုးစုကြည်က အတည်ပြုပြောကြားပါတယ်။
ဓာတ်ပုံ - Yangon Region Govenment
တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ညွှန်ကြားချက်လိုက်နာရန်ပျက်ကွက်မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဦးစောဒေးဗစ်လားနှင့်အတူ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့နှစ်ဦးကို ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ခဲ့မှုအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ မရမ်းကုန်မြို့မ ရဲစခန်းမှာ အမှုအမှတ် (ပ) (၅၈၃/၂၀၂၀)နဲ့ ရန်ကုန်တိုင်းဒေသကြီး COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက တရား စွဲဆိုလာတာ ဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။
ဓာတ်ပုံ - Yangon Region Govenment
“ဦးစောဒေးဗစ်လားနဲ့ အဖွဲ့ကို တရားစွဲဆိုထားတာ ဟုတ်ပါတယ်။အဓိကကတော့ ရောဂါဖြစ်ပွားနိုင်တဲ့ လူစုလူဝေး ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။လောလောဆယ်မှာတော့ သူတို့တွေဟာ COVID-19 Positive လူနာတွေ ဖြစ်တဲ့အတွက် ဆေးရုံမှာ အထူးကြပ်မတ်ကုသပေးနေပြီး တရားရင်ဆိုင်ရခြင်းတော့ မရှိသေးပါဘူး။”လို့ ဒေါ်မိုးမိုးစုကြည်က ပြော ပါတယ်။
ဦးစောဒေးဗစ်လားနဲ့အတူ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ နှစ်ဦးကိုလည်း အလားတူ ပုဒ်မမျိုးဖြင့် အင်းစိန်မြို့မရဲစခန်းမှာ အမှုအအမှတ်(ပ)(၇၀၆/၂၀၂၀/၂၀၁၃)နဲ့ တရားစွဲဆိုထားသေးတယ်လို့သိရပါတယ်။