စပေးဘောပေးပြီးတာနဲ့တပြိုင်နက် သွင်းယူခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေဟာ မနေ့ညက ကစားခဲ့တဲ့ လိုင်လီနဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ ပွဲစစချင်းမှာတင် အသင်းအတွက် အဖွင့်ဂိုးကို လှလှပပသွင်းယူခဲ့ပါတယ်။ ဒီဂိုးက ပရိသတ်တွေအတွက် တော်တော်လေး ပြောစမှတ်ပြုစရာ သွင်းဂိုးတဂိုးလည်းဖြစ်ခဲ့ပါတယ်။



ပီအက်စ်ဂျီအတွက် ဒီပွဲမှာ ရာမို့စ်၊ ဗာရက်တီ၊ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ လူစုံတက်စုံ ပွဲထွက်ခဲ့ပြီး အမ်ဘာပေကလည်း စပေးဘောပေးပေးပြီးချင်မှာတင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းပွဲစတင်ဖို့အတွက် စပေးဘောကို နေမာက ဗာရက်တီဆီ ပေးခဲ့ပြီး ဗာရက်တီကလည်း နေမာကို ဘောလုံးပြန်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နေမာက မက်ဆီကို ဘောလုံးပေးလိုက်ပါတယ်။


မက်ဆီက ဒီဘောလုံးကိုမတုံ့ဆိုင်းဘဲ ရှေ့ကိုပြေးတက်သွားတဲ့ အမ်ဘာပေရဲ့ပြေးလမ်းကြောင်းထဲ ကန်တင်ပေးခဲ့ပြီး အမ်ဘာပေက ပြိုင်ဘက်ဂိုးသမားကို ခေါင်းပေါ်ကကျော်ကာ လှလှပပကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ လိုင်လီကစားသမားတွေ အဆင်သင့်မဖြစ်ခင်မှာတင် ရရှိခဲ့တဲ့သွင်းဂိုးဖြစ်ပြီး ပွဲစတာနဲ့တပြိုင်နက် ထိချက် (၅) ချက်နဲ့ (၈) စက္ကန့်သာ လိုအပ်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေရဲ့ ဒီသွင်းဂိုးက ပြင်သစ်လီဂူးသမိုင်းတလျှောက် အမြန်ဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့အပတ်မှာ အမ်ဘာပေက နေမာ၊ မက်ဆီတို့အပေါ် ကွင်းထဲမှာတင် အငြင်းပွားစရာလုပ်ရပ်တွေ ပြုလုပ်ခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမားပါ။ ဒါပေမယ့် ဒီကစားသမားတွေကြားထဲက နားလည်မှုနဲ့ အချိတ်အဆက်က ပြိုင်ဘက်တွေအတွက် ကြောက်ဖို့ကောင်းနေဆဲဖြစ်တာကို ဒီသွင်းဂိုးက သက်သေပြသသွားခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီကလည်း ဒီပွဲမှာ အသင်းအတွက် ဒုတိယဂိုးကို နူနိုမန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကတဆင့် ညာခြေနဲ့ပိတ်သွင်းယူခဲ့ပါသေးတယ်။ ဆက်တိုက်ခြေစွမ်းပြနေတဲ့ နေမာကလည်း ဒီပွဲမှာ အသင်းအတွက် ဂိုးလည်းသွင်း၊ ဂိုးလည်းဖန်တီးနိုင်ခဲ့ပါသေးတယ်။ ပီအက်စ်ဂျီကတော့ ဒီရာသီပြင်သစ်လီဂူး (၃) ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲ၊ ဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က