အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် လူ ၉၀ ကျော် သေဆုံးခဲ့တဲ့ အစွန်းရောက်ဂျီဟတ်အုပ်စုရဲ့ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမဲ့ ရွှေ့ပြောင်းပေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။
"ကျွန်တော်တို့ ဒီမစ်ရှင်ကို ပြီးမြောက်အောင် လုပ်ရမှာဖြစ်ပြီး ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ" လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။ တိုက်ခိုက်သူတွေကို ရှာဖွေသွားမယ်လို့လည်း အမေရိကန်သမ္မတက ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ရွှေ့ပြောင်းရေးမစ်ရှင်ကို ပြီးမြောက်အောင်လုပ်မှာဖြစ်ပြီး အကြမ်းဖက်သမားတွေကြောင့် အဟန့်အတားအဖြစ်မခံဘူးလို့ ဂျိုးဘိုင်ဒန်က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ကျုပ်တို့ ခွင့်လွှတ်မှာမဟုတ်ဘူး၊ ကျုပ်တို့ မေ့မှာမဟုတ်ဘူး၊ ကျုပ်တို့ ခင်ဗျားတို့ကို ရှာဖွေပြီး ပေးဆပ်စေမယ်
(အမေရိကန်သမ္မတဂျိုးဘိုင်ဒန်) (Photo: AP)
ဩဂုတ် ၁၅ ရက်နေ့မှာ တာလီဘန်အုပ်စုရဲ့ လက်အောက်သို့ ကျရောက်ခဲ့တဲ့ အာဖဂန်ကနေ လက်ရှိအချိန်အထိ လူဦးရေ ၁၀၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းမယ့် နောက်ဆုံးရက်ဖြစ်တဲ့ ဩဂုတ် ၃၁ ရက်မတိုင်မီ နောက်ထပ် ပိုမိုများပြားတဲ့ အာဖဂန်ပြည်သူတွေက နိုင်ငံမှထွက်ခွာနိုင်ရန် ကဘူးလ်လေဆိပ်သို့ အလုအယက် စုပြုံရောက်ရှိနေကြဆဲလို့ ဆိုပါတယ်။
ဩဂုတ် ၂၆ ရက်နေ့က ကဘူးလ်လေဆိပ်မှာ ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပထမ ဗုံးခွဲတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက ရွှေ့ပြောင်းမယ့်လူတွေကို လေဆိပ်သို့ဝင်ရောက်စေတဲ့ Abbey Gate နေရာမှာ ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ထို့နောက် မိနစ်ပိုင်းကြာပြီးနောက် ဗြိတိန်သို့ထွက်ခွာလိုတဲ့ အာဖဂန်ပြည်သူတွေကို ဗြိတိန်တာဝန်ရှိသူတွေက စိစစ်ခွင့်ပြုပေးနေတဲ့ ဟိုတယ်တစ်ခုမှာ ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
(ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတစ်ဦး) (Photo: Getty Images)
အမေရိကန်နဲ့ ဗြိတိန် တာဝန်ရှိသူတွေက ဒေသခံ အိုင်အက်စ်အကြမ်းဖက်အုပ်စုဖြစ်တဲ့ IS-K (အိုင်အက်စ်-ကေ) က အသေခံတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း သတိပေးထားပေမဲ့ ရွှေ့ပြောင်းလေယာဥ်ခရီးစဥ်မှာ လိုက်ပါနိုင်ရေး ကြီးမားတဲ့ လူအုပ်စုတွေက လေဆိပ်နေရာမှာ စုရုံးနေခဲ့ကြပါတယ်။ နောက်ပိုင်းမှာ IS-K က လေဆိပ်ဗုံးကွဲမှုတွေကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ကြေညာပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ကျုပ်တို့ ခွင့်လွှတ်မှာမဟုတ်ဘူး၊ ကျုပ်တို့ မေ့မှာမဟုတ်ဘူး၊ ကျုပ်တို့ ခင်ဗျားတို့ကို ရှာဖွေပြီး ပေးဆပ်စေမယ်" လို့ ပြောဆိုခဲ့ပါတယ်။ ကဘူးလ်လေဆိပ်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူတွေအနက် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး ပါဝင်ခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန့်မက်ကန်ဇီက အတည်ပြုပါတယ်။
(ဗုံးပေါက်ကွဲသည့်လေဆိပ်နေရာမှ မီးခိုးများထွက်ပေါ်လာစဥ်) (Photo: Getty Images)
ယခု သေဆုံးမှုဟာ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်း အမေရိကန်တပ်ဖွဲ့ဝင်များ ပထမဆုံးအကြိမ် သေဆုံးမှုလည်း ဖြစ်လာခဲ့ပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ အခြားသူတွေရဲ့ အသက်ကိုကယ်တင်ရန် ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြတဲ့ သူရဲကောင်းတွေဖြစ်ခဲ့ကြတယ်လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
IS-K အုပ်စုရဲ့ ခြိမ်းခြောက်မှု မြင့်မားနေဆဲဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေနဲ့ တာလီဘန်တို့က နောက်ထပ်တိုက်ခိုက်မှုတွေကို တားဆီးရန် ပူးပေါင်းလုပ်ဆောင်နေကြကြောင်း အမေရိကန် ဗိုလ်ချုပ်ကြီး ဖရန့်မက်ကန်ဇီက ဆိုပါတယ်။ တာလီဘန်အုပ်စုက ဖြစ်လာမယ့် တိုက်ခိုက်မှုအများအပြားကို တားဆီးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
သို့သော် ယခုတိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့တွေ နောက်ဆုံးထား ရုပ်သိမ်းမယ့် ဩဂုတ် ၃၁ ရက်မတိုင်မီ အာဖဂန်ပြည်သူတွေကို ရွှေ့ပြောင်းပေးနေခြင်းကို သိသာစွာ ရှုပ်ထွေးမှုဖြစ်စေပါတယ်။ ကဘူးလ်လေဆိပ်မှာ လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅,၈၀၀ နဲ့ နောက်ထပ် ဗြိတိန်တပ်ဖွဲ့ဝင် ၁,၀၀၀ ရှိနေပါတယ်။
(ကဘူးလ်လေဆိပ်မှာတွေ့ရသည့် လူအုပ်စု) (Photo: Reuters)
ယနေ့အထိ အမေရိကန်မှ ၆၆,၀၀၀ နဲ့ မဟာမိတ်နဲ့ မိတ်ဖက်နိုင်ငံတွေမှ ၃၇,၀၀၀ အပါအဝင် အာဖဂန်ကနေ အရပ်သား ၁၀၄,၀၀၀ ကို ရွှေ့ပြောင်းပေးပြီး ဖြစ်ပါတယ်။ လူဦးရေ ၅,၀၀၀ ခန့်က လေဆိပ်မှာ စောင့်ဆိုင်းနေပြီး နောက်ထပ် အများအပြားကလည်း လေဆိပ်အနီး စစ်ဆေးဂိတ်တွေကို ဖြတ်သန်းဝင်ရောက်နိုင်ရန် ကြိုးပမ်းနေကြဆဲလို့ ဆိုပါတယ်။
အာဖဂန်ကို တာလီဘန်အုပ်စု ထိန်းချုပ်ခဲ့ပြီးနောက် ကနေဒါ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ဒိန်းမတ် အပါအဝင် နိုင်ငံအများအပြားက ထိုနိုင်ငံအတွင်း ၎င်းတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ပါတယ်။ ကဘူးလ်လေဆိပ်မှာ ခြောက်နှစ်ကြာ လုံခြုံရေးအထောက်အပံ့ပေးနေခဲ့တဲ့ တူရကီနိုင်ငံကလည်း ၎င်းရဲ့ တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းနေပြီလို့ ကြေညာထားပါတယ်။
Source: BBC, AFP, Reuters
Share