ချဲလ်ဆီးကတော့ ဒီရာသီ ပထမဆုံးရှုံးပွဲကို နဖူးတွေ့ဒူးတွေ့ခံစားလိုက်ရတာပါ။

ဒီရာသီမှာ ပုံစံကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ချဲလ်ဆီးကတော့ မန်စီးတီးနဲ့အတွေ့မှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲအတွက် အိမ်ရှင် ချဲလ်ဆီးက တိုက်စစ်မှာ ဗာနာနဲ့ လူကာကူတို့နှစ်ယောက်ကို တွဲပေးခဲ့ပြီး ၃-၅-၂ ဆန်ဆန် ပွဲထွက်လာခဲ့ပါတယ်။


ဂိုးသမားနေရာမှာ မန်ဒီ၊ နောက်တန်း (၃) ယောက်မှာ အက်ဇ်ပီလီကွီတာ၊ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ ကွင်းလယ်မှာ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊ ကန်တေတို့ သုံးယောက်လုံးကို တွဲဖက်ပွဲထုတ်ခဲ့ပြီး Wing Back မှာတော့ ရီစီဂျိမ်းစ်၊ အလွန်ဆိုတို့ ပွဲထွက်လာခဲ့ပါတယ်။

မန်စီးတီးက ၄-၃-၃ ပုံစံနဲ့ပဲ ထူးထူးဆန်းဆန်း သိပ်မရှိဘဲ ပွဲထွက်လာခဲ့တာပါ။ ဂိုးသမားအီဒါဆန်၊ နောက်တန်းမှာ ဝေါ်လ်ကာ၊ ရူဘင်ဒီယက်စ်၊ လာပေါ့တ်၊ ကန်ဆယ်လို၊ ကွင်းလယ်မှာ ရိုဒရီ၊ ဖိုဒန်၊ ဒီဘရိုင်း တိုက်စစ်မှာ ဂရီလစ်ရှ်၊ ဘာနာဒိုဆေးလ်ဗား၊ ဂျေးဆုတို့ ပွဲထွက်လာခဲ့ပါတယ်။


ချဲလ်ဆီးနည်းပြ တူချယ်လ်ရဲ့ ပွဲကြိုပြင်ဆင်မှုက ခံစစ်ဆိုတာကို သိသာစေခဲ့ပြီး မန်စီးတီးကွင်းလယ်က ဒီဘရိုင်းကိုညှပ်ထားဖို့၊ တိုက်စစ်တွဲလုံးတွေ ထွက်မလာစေဖို့ သေချာပြင်ဆင်ခဲ့ပါတယ်။ ဘောလုံးပြန်ရလာချိန်မှာ ဗာနာဆီကတစ်ဆင့် ကောင်တာပြန်စဖို့ ရည်ရွယ်ခဲ့ပြီး ဒီအပိုင်းမှာတော့ ဗာနာကိုရော၊ လူကာကူကိုရော မန်စီးတီး ဗဟိုခံစစ်က လာပေါ့တ်၊ ဒီယက်စ်တို့ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။


အမှတ်ထပ်လျော့လို့မရတော့တဲ မန်စီးတီးက ဒီပွဲမှာတရစပ်တိုက်စစ်ဆင်ခဲ့ပြီး ချဲလ်ဆီးနောက်တန်းကလည်း အမှားအယွင်းမရှိခဲ့တာကြောင့် ထိုးဖောက်ရခက်ခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ကောင်တာတွေကိုလည်း ရိုဒရီ၊ ဒီယက်စ်၊ လာပေါ့တ်တို့ အမှားအယွင်းမရှိတားဆီးခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးညာခြမ်းက ရီစီဂျိမ်းစ်ဒဏ်ရာရရှိသွားတာကြောင့် ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား လူစားဝင်လာခဲ့ပြီး အက်ဇ်ပီလီကွီတာက Wing Back ကို ထွက်ကစားခဲ့ပါတယ်။


ဒီဘရိုင်း၊ ဖိုဒန်တို့နဲ့ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊ ကန်တေတို့ရဲ့ အားပြိုင်မှု၊ ဂရီလစ်ရှ်နဲ့ ချဲလ်ဆီးညာခြမ်းခံစစ်အားပြိုင်မှု၊ ဂျေးဆုနဲ့ အလွန်ဆို အားပြိုင်မှုတွေက ဒီပွဲအတွက် အဓိကကျတဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်းပွဲစလို့ (၅၂) မိနစ်မှာပဲ မန်စီးတီးတို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ကန်ဆယ်လို တစ်ချက်ဖိန့်ပြီး ဂိုးဧရိယာထဲ ကန်ထည့်ပေးလိုက်တဲ့ ဘောလုံးကို ဂျေးဆုက ချဲလ်ဆီးကစားသမားတွေကို တစ်ချက်လှည့် ကန်သွင်းသွားခဲ့တာပါ။ ကန်ချက်က ဂျော်ဂျင်ဟိုနဲ့ထိပြီး လမ်းကြောင်းပြောင်းခဲ့တာကြောင့်လည်း မန်ဒီဘာမှမတတ်နိုင်ခဲ့ပါဘူး။


မန်စီးတီးက ဦးဆောင်ဂိုးရပြီးနောက်မှာ ချဲလ်ဆီးက ကန်တေကိုထုတ်၊ ဟာဗက်ဇ်ကိုထည့်ပြီး တိုက်စစ်မြှင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟာဗက်ဇ် ဝင်လာတဲ့နောက် လူကာကူပိုလှုပ်လာခဲ့ပြီး မန်စီးတီးခံစစ်လည်း ပထမပိုင်းကထက် ပိုပြီး ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။


အပြန်အလှန်အနေနဲ့ ကောင်တာက ပြန်ထွက်လာတဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းရဲ့ Vertical Pass တွေကို ချဲလ်ဆီးတို့ မထိန်းနိုင်တော့ဘဲ မန်စီးတီးတို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေထပ်ရခဲ့ပါတယ်။ ဒါပေမယ့် မန်ဒီအဝင်အထွက်မှန်ကန်ခဲ့တာ၊ သီယာဂိုဆေးလ်ဗား ဂိုးစည်းပေါ်က ဘောလုံးကို ရှင်းထုတ်နိုင်ခဲ့တာ၊တွေကြောင့် ချဲလ်ဆီးတို့ ကံကောင်းခဲ့တာပါ။


မန်စီးတီးဘက်က ခံစစ်ပိုင်း တည်ငြိမ်လွန်းအားကြီးခဲ့သလို ဘာနာဒိုဆေးလ်ဗားကလည်း သူ့ရဲ့ပုံစံအတိုင်း အတိုးအလှုပ်တွေနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးခဲ့ပါတယ်။ ဒီဘရိုင်းက Simply The Best ပုံစံပြခဲ့သလို၊ ဂရီလစ်ရှ်ကလည်း တဖြည်းဖြည်းအသင်းနဲ့ အံဝင်လာတာ ကျေနပ်စရာပါ။


နောက်ပိုင်းမှာ နှစ်သင်းလုံး အပြောင်းအလဲတွေပြုလုပ်ခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မမြင်ရတော့ဘဲ မန်စီးတီးက အဝေးကွင်းမှာ ချဲလ်ဆီးကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးက ဒီရှုံးပွဲကြောင့် အဆင့် (၃) နေရာအထိ ရောက်ရှိသွားခဲ့ပြီး မန်စီးတီးကတော့ အခုနိုင်ပွဲကြောင့် အဆင့် (၂) နေရာအထိ ရောက်ရှိလာခဲ့သလို ချန်ပီယံပြေးလမ်းကြောင်းထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က