Photo - ဒီမိုကရက်တစ်လူထုအသံ
တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို မတ်လ(၂၉)ရက်နေ့ကလူ(၆)ဦးက အနုကြမ်းဝင်စီးခဲ့တာပါ။ အဲ့ဒီအနုကြမ်းစီးမှုမှာတော့ ရွှေ(၈၀)ကျပ်သားဝန်းကျင်၊ စိန်ထည်ပစ္စည်း ဘတ်သိန်း(၂၀)ဖိုးခန့်အပြင် ငွေသားထိုင်းဘတ်ငွေသိန်း (၂၀)၊ လက်ကိုင်ဖုန်း (၇)လုံးတို့ကို ကျူးလွန်သူတွေက ယူဆောင်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိမှာတော့ ကျူးလွန်တဲ့တရားခံတွေထဲမှာ ပါဝင်သူတစ်ဦကို ဖမ်းမိထားပြီး ကျန်ရှိတဲ့ တရားခံများ ဖမ်းဆီးရမိရေးအတွက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့တာချီလိတ်နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးက Duwun ကို ပြောပါတယ်။
ကျူးလွန်ခဲ့တဲ့သူတွေထဲ တရားခံတစ်ယောက်နဲ့နောက်ကွယ်ကနေ ပါဝင်ခဲ့သူတစ်ယောက်ကို ဖမ်းမိထားတာလည်း ဖြစ်ပါတယ်။ ဒီအမှုနဲ့ပက်သက်ပြီး ကွင်းဆက်ဆောင်ရွက်နေတာတွေကိုတော့ လက်ရှိမှာ အသေးစိတ် ပြောလို့မရသေးဘူးလို့လည်း သူကဆိုပါတယ်။ ကျူးလွန်စဉ်ပါဝင်တဲ့ ဖမ်းမိတဲ့ တရားခံတစ်ဦးကလည်း ထိုင်းလူမျိုးဖြစ်တယ်လို့ ပြောပါတယ်။
လုယက်မှုကျူးလွန်ခဲ့စဉ်က ပစ္စတိုသေနတ်တွေနဲ့ ကျင်စက်တွေကိုင်ဆောင်လာပီး ဆိုင်မဖွင့်ခင် အိမ်ထဲကိုဝင်ပြီး လုယက်ခဲ့တာပါ။ နန်းနန်းဘွန်းကျောက်ရွှေဆိုင်ဟာ တာချီလိတ်မြို့ရဲ့ အဓိက လမ်းမဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမပေါ်မှာတည်ရှိတဲ့ ရွှေဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ်။