ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ လနဲ့ချီ ပေါ်ပေါက်စေခဲ့ပြီး အလွန်အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းသွားမယ်လို့ အုပ်ချုပ်ရေးမှူး ကာရီလမ်က စက်တင်ဘာ ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
(Photo: NY Times)
ယခုနှစ် ဧပြီလအတွင်း ဟောင်ကောင်လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းအရ ရာဇဝတ်ပြစ်မှု ကျူးလွန်ကြောင်း သံသယရှိသူတွေကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေမူကြမ်းကို ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဇွန်လအတွင်း စတင်ပေါ်ပေါက်လာခဲ့ပြီး ယခု စက်တင်ဘာလအထိ ဆက်တိုက် ဆန္ဒပြနေခဲ့ကြပါတယ်။
ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေမှုနဲ့အတူ ဟောင်ကောင်မှာ နိုင်ငံရေးမတည်ငြိမ်မှု အဆိုးရွားဆုံး အခြေအနေ ဖြစ်နေခဲ့ပါတယ်။
(Photo: AFP)
ဟောင်ကောင်အစိုးရက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန္ဒပြမှုတွေ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီးနောက် ဥပေဒမူကြမ်းကို ဆိုင်းငံ့လိုက်ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇွန် ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ထို့နောက် ဇူလိုင် ၉ ရက်နေ့မှာ ထိုဥပဒေမူကြမ်းဟာ အသက်မဝင်တော့ကြောင်း ကာရီလမ်က ကြေညာခဲ့ပါတယ်။
သို့သော် ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို လုံးဝရုပ်သိမ်းရေး တောင်းဆိုခဲ့ကြပါတယ်။ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းသွားမယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ကြေညာသွားခဲ့ပါတယ်။ ထို့အတူ ဆူပူအုံကြွ ဆန္ဒပြမှုတွေကို နှစ်သိမ့်တဲ့ဆောင်ရွက်မှုများ ဖြစ်ပုံရတဲ့ အခြား အစီအစဉ်တွေကိုလည်း ကာရီလမ်က ကြေညာပြောကြားခဲ့ပါတယ်။
(Photo: Reuters)
ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့လုပ်ဆောင်မှုတွေကို လက်ရှိ စုံစမ်းစစ်ဆေးနေရာမှာ အစိုးရ ထိပ်တန်းတာဝန်ရှိသူနှစ်ဦးလည်း ပါဝင်သွားမယ်လို့ ကာရီလမ်က ဆိုပါတယ်။ ဆန္ဒပြပွဲတွေမှာ အဓိက တောင်းဆိုချက် ငါးခုအနက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရက်စက်စွာ အင်အားသုံးနှိမ်နင်းခဲ့မှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း ပါဝင်ခဲ့ပါတယ်။ ဟောင်ကောင်မှာ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့မှုဟာ ၁၄ ပတ်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
အစောပိုင်းက စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်ရက်များမှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အခြား ရက်တွေမှာပါ ဆန္ဒပြမှုတွေရှိလာခဲ့ပါတယ်။ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဟောင်ကောင်အစိုးရကို ကန့်ကွက်ဆန္ဒပြကြရာမှာ လူဦးရေ သန်းနဲ့ချီ ပါဝင်ခဲ့တဲ့ ရက်တွေလည်းရှိခဲ့ပြီး ရှေ့နေနဲ့ ကျောင်းသူကျောင်းသားတွေလည်း ဆန္ဒပြပွဲများမှာ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။
လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။