"ရွှေမန်း" လူမှုဘဝမြှင့်တင်ရေး ပရဟိတအဖွဲ့ဟာဆိုရင် လူမျိုးဘာသာမရွေး လူတန်းစားမရွေး စားသုံးနိုင်စေဖို့ရည်ရွယ်ပြီး ခုလို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မှာ ဈေးနှုန်း (၁၀၀၀)ကျပ်နဲ့ ထမင်းတစ်နပ်စာ ကို ဖွယ်ဖွယ်ရာရာ နဲ့ အဝစား ရောင်းချပေးနေတာဖြစ်ပါတယ်။
"ရွှေမန်း" ပရဟိတအဖွဲ့
ရွှေမန်း လှုမှုဘ၀မြှင့်တင်ရေး ပရဟိတ အဖွဲ့ကတော့ အခြေခံလူတန်းစားတွေရဲ့ ဘ၀ေတွကို မြှင့်တင်ေပးနိုင်ဖို့ ရည်ရွယ်ချက်နဲ့အဓိကထား ကူညီဆောင်ရွက်ပေးနေတဲ့ပရဟိတအဖွဲ့ဖြစ်ပါတယ်။တည်ထောင်သူ ကိုရွှေမန်း က အောက်ခြေဘ၀ကနေ ကြိုးစားရင်း ခုလိုအဖွဲ့ လေး ဖွဲ့ဖြစ်ခဲ့ပြီး သူ့လို အောက်ခြေက အခြေခံ လူတန်းစားတွေ အတွက် ကူညီပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ခုလိုတန်ဖိုးနည်းထမင်းဆိုင်လေးကို ရောင်းဖြစ်ခဲ့တာလို့ သိရပါတယ်။
တစ်နပ်စာကို စျေးနူန်း (၁၀၀၀) ကျပ်
ဒီဘက်ခေတ်ကြီးထဲမှာဆိုရင် ရန်ကုန်မြို့ရဲ့ ထမင်းဆိုင် တော်တော်များများက ထမင်းတစ်ခါပြင်ကို အနိမ့်ဆုံး (၃၀၀၀) ကျပ် လောက်ကနေပြီးတော့ စတင်ရောင်းချနေကြတာဖြစ်ပါတယ်။"ရွှေမန်း" လူမှုဘဝမြှင့်တင်ရေး ပရဟိတအဖွဲ့ကတော့ ဝန်ထမ်းတွေ၊ အခြေခံလုပ်သားတွေ အပြင် လူ တန်းစားမရွေး စားသုံးနိုင်တဲ့ ထမင်းအဝစား တစ်နပ်စာကို စျေးနူန်း (၁၀၀၀) ကျပ်တည်းနဲ့ အပတ်စဉ် တနဂ်နွေနေ့တိုင်း ရောင်းချပေးနေတာပါ။
ဖွယ်ဖွယ်ရာရာ ထမင်းတစ်နပ်စာ
ထမင်းအ၀စား တစ်နပ်စာမှာ အသားဟင်း တစ်မျိုး၊ အရည်သောက် တစ်ခွက် ၊အရံဟင်း တစ်မျိုး နဲ့ ငါးပိရည် တို့စရာ တို့ ဖွယ်ဖွယ်ရာရာ ပါ၀င်ပါတယ်။ ။ဒီအပတ်မှာဆိုရင်တော့ ဘယ်ဟင်းနဲ့ ထမင်းကို ရောင်းချသွားမလဲဆိုတာကို ကြိုတင်ကြေညာပြီးတော့ တနဂ်နွေနေ့ မနက် (၉) နာရီကစတင်ပြီး ထမင်းစားလက်မှတ်တွေကို စတင်ရောင်းချပေးပါတယ်။ လှူချင်စိတ်နဲ့ ရောင်းချပေးတာ ဖြစ်တဲ့အတွက် ထမင်း၊ ဟင်းတွေကို အရသာကောင်းမွန်အောင် ဉီးစားပေးချက်ပြုတ် ရောင်းချတာဖြစ်သလို၊ ဆိုင်အတွက် လုပ်အားပေးတဲ့သူတွေကလည်း လုပ်အားခမယူဘဲ စေတနာသီးသန့်နဲ့သာ လုပ်ကိုင်ပေးနေတာလည်းဖြစ်ပါတယ်။
လိပ်စာ
အခုလိုရောင်းချနေတာကိုလည်း အသိမှတ်ပြု အားပေးချင်တဲ့သူပဲ ဖြစ်ဖြစ်၊ ထမင်းဟင်းကို စျေးသက်သက်သာသာနဲ့ ဝဝ လင်လင် စားချင်တဲ့သူတွေအတွက် ဆိုင်လိပ်စာလေးကတော့ လှိုင်သာယာမြို့နယ်၊ သမကုန်းမီးပွိုင့်အနီး၊ စုပေါင်းရုံးဝန်းအတွင်းမှာပဲ ဖြစ်ပါတယ်။