ဒေါ်ဝတုတ်ထမင်းဆိုင်ဟာ နေ့လယ်ထမင်းစားချိန်ဆိုရင် နေရာလပ်မကျန်အောင်ကို ရောင်းကောင်းတဲ့ဆိုင်လေးပါ။

ဈေးလည်းတန်တဲ့အပြင် အရသာလည်းကောင်း၊ ဝန်ဆောင်မှုလည်းကောင်းလို့ စားသုံးသူများတဲ့ ကမာရွတ်မြို့နယ်အတွင်းက မြန်မာထမင်းဆိုင်တစ်ဆိုင်နဲ့ Duwun ပရိသတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။



(၁၀) နှစ်သက်တမ်းရှိတဲ့ ဒေါ်ဝတုတ်ထမင်းဆိုင်

မိသားစု စားဝတ်နေရေး အဆင်ပြေဖို့ရယ် ၊ အိုးမကွာ အိမ်မကွာ စီးပွားရှာနိုင်ဖို့ရယ် သေချာစဥ်းစားပြီး ကိုယ်တတ်ကျွမ်းတာလေးနဲ့ အခုလို ထမင်းဆိုင်လေး ဖွင့်ဖြစ်ခဲ့တာလို့ ဆိုင်ရှင် ဒေါ်ဝတုတ်က ပြောပါတယ်။ ထမင်းဆိုင်လေးကို သူတို့ နေတဲ့ တိုက်အောက်က နေရာလွတ်လေးမှာပဲ ဖွင့်လှစ်ဖြစ်ခဲ့တာပါ။

“ ဒီဆိုင်လေးကို စဖွင့်ဖြစ်တာက (၂၀၁၂) ခုနှစ်လောက်ကပေါ့ ။ အဲ့ဒီက စပြီး အန်တီက ကျန်းမာရေး မကောင်းဘူး။ ကလေးတွေကလည်း ကျောင်းသမားတွေ ဆိုတော့ ဘာမှ မလုပ်လို့တော့ မဖြစ်ဘူး။ တစ်ခုခု လုပ်မှ ရတော့မယ်ဆိုပြီး အမျိုးသားနဲ့ တိုင်ပင်တယ်။ အဲဒီတော့ ကိုယ်တွေက အချက်အပြုတ်လည်း ကျွမ်းကျင်တဲ့သူမို့ အိုးမကွာ အိမ်မကွာဖြစ်အောင်ဆိုပြီး တိုက်အောက်မှာပဲ လှေကားလျှောက်လမ်းအရှေ့လေးက နေရာလွတ်လေးမှာ ထမင်းဆိုင် အကျဥ်းလေး ဖွင့်လိုက်တယ်။ ” လို့ ဆိုပါတယ်။

စားသုံးသူအပေါ်ထားတဲ့ ဒေါ်ဝတုတ်ရဲ့ စေတနာ

ဒေါ်ဝတုတ်ထမင်းဆိုင်လေးဟာ နေ့လယ်ထမင်းစားချိန်ဆိုရင် နေရာလပ်မကျန်အောင်ကို ရောင်းအားကောင်းတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ စားသုံးသူတွေ အပေါ်စေတနာပိုပိုနဲ့ ရောင်းပေးတာကြောင့် ထန်းတပင်လမ်းက ဒေါ်ဝတုတ်ထမင်းဆိုင်လို့ ပြောလိုက်ရင် အနီးအနားတစ်ဝိုက်က လူတိုင်းသိကြတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။

“အန်တီတို့ ဆိုင်နားမှာ ဆောက်လုပ်ရေးသမားတွေ များတော့ တစ်ခါတလေ လာစားရင် ပုံမှန် ဟင်းတစ်ပွဲကို အသား(၂) တုန်းဆိုရင် သူတို့ကို (၃) တုံး ထည့်ပေးတာမျိုး၊ လိုက်ပွဲဆိုလည်း ပိုထည့်ပေးတာမျိုးလုပ်ပါတယ်။ ဟင်း၊ ထမင်းဆိုရင်လည်း တစ်နေ့စာအတွက် တစ်နေ့ကုန်အောင်ရောင်းတယ်။ ကျန်ရင် မိသားစုတွေစားတယ်။ ထမင်းအကျန် ၊ ဟင်းအကျန်ကို ရောမရောင်းဘူး။ ကိုယ့်ဆီလာကြတဲ့ စားသုံးသူတွေက ကာယလုပ်သားတွေလည်းဖြစ်တယ်၊ ကိုယ့်ဆိုင်မှာ နေ့တိုင်း လာအားပေးနေကြတာဆိုတော့ ရင်းလဲ ရင်းနှီးလာတယ်။ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာပေါ့ ။ တချို့ ကုမ္ပဏီဝန်ထမ်း ကလေးတွေလည်း လာစားကြပါတယ်” လို့ ဆိုင်ရှင်ဒေါ်ဝတုတ်က ပြောပါတယ်။



ထမင်းဆိုင်လေးရဲ့ ရောင်းအားနဲ့ဈေးနှုန်း

‌ဒေါ်ဝတုတ် ထမင်းဆိုင် ထမင်းနဲ့ အသီးအရွက်ဟင်းတစ်ပွဲကို ငွေကျပ် (၇၀၀)၊ အသားဟင်းနဲ့ဆို တစ်ပွဲကို ငွေကျပ် (၁၅၀၀) ကျပ်သာ ကျသင့်ပါတယ်။ ခေတ်ကာလအရ ကုန်ဈေးနှုန်းတွေတက်လာတာကြောင့် အရောင်းအဝယ်ကြပ်တည်းပေမယ့် အားလုံးအဆင်ပြေစေမယ့် ဈေးနှုန်းကိုပဲ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“ အသားနဲ့ ထမင်းတစ်ပွဲကို အရင်က (၁၂၀၀) ပဲရောင်းတာ ဒါပေမယ့် ကုန်ဈေးနှုန်းတွေက တက်လာတော့ မဖြစ်မနေမို့ ဈေးတက်လိုက်ရတာ အခု (၁၅၀၀) ဖြစ်တာ တစ်လတောင် မရှိသေးပါဘူး။ ဆိုင်မှာ စားစား ၊ ပါဆယ်ထုတ်ထုတ် ငါးပိရည်၊ တို့စရာ နဲ့ အရည်သောက်တို့ကို အလကားထည့်ပေးဖြစ်တယ်။ အရင်ကဆို တစ်နေ့ကို ထမင်းတစ်ခါချက် (၅) ပြည် ကို (၂) အိုးလောက်ကုန်တယ်။ ကိုဗစ်ကာလ နောက်ပိုင်းကနေ စပြီး ထမင်း(၇) ပြည်တောင် အနိုင်နိုင် ရောင်းနေရတာပါပဲ။ ဟင်းတွေကတော့ အရင်ကဆို ချက်ရင် ချက်သလောက်ကုန်တယ်။ အခုက တစ်ဗန်းကုန်ဖို့တောင် အနိုင်နိုင် ရောင်းရတာ အမြတ်ဆိုတာ ဘယ်မှာ ရှာလို့ ရှာရမှန်းတောင် မသိဘူး” လို့လည်းဒေါ်ဝတုတ်က လက်ရှိ သူ့ရဲ့အခက်အခဲကို ပြောပြပါတယ်။

ဒေါ်ဝတုတ်ထမင်းဆိုင်ကို အားပေးချင်တဲ့သူတွေအတွက်

“ဒေါ်ဝတုတ် ထမင်းဆိုင်” ကတော့ ကမာရွတ်မြို့နယ် ၊ (၁)ရပ်ကွက် ၊ ထန်းတပင်လမ်းပေါ်မှာ တည်ရှိတာပါ။ လှည်းတန်း - အင်းစိန် လမ်းမကြီးကနေ ဇေယျာသီရိလမ်းထဲ တည့်တည့် ဝင်ပြီး ဘယ်ဘက်ခြမ်းကို ချိုးလိုက်တာနဲ့ ဒေါ်ဝတုတ်ထမင်းဆိုင်ကို တွေ့ရမှာပါ။ လှည်းတန်းလမ်းမကြီးကနေ လာမယ်ဆိုရင်တော့ ဇကာကြီးလမ်းထိပ်ကနေ တည့်တည့်လျှောက်လာပြီး ညောင်ပင်ကြီး နားက ညာဘက်ခြမ်းမှာရှိတဲ့ ထမင်းဆိုင်လေးဖြစ်ပါတယ်။ အနီးစပ်ဆုံး လမ်းညွှန်ရရင် သစ္စာစတိုးဆိုင် ဘေးနားမှာ ကပ်လျှက်ပါ။ ဗဟိုလမ်းကနေ လာမယ်ဆိုရင်တော့ မြသိင်္ဂါလမ်း တည့်တည့်အတိုင်းဝင်လာတာနဲ့ ရောက်ပါပြီ။ ဆိုင်မှာတော့ ဝန်ထမ်းအင်အားမရှိတာကြောင့် အွန်လိုင်းကနေ မှာယူတဲ့ စနစ်၊ လိုက်လံပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေ မရသေးဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က