ကော်ဖီ‌သောက်ချိန် မှန်ကန်ရင် ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေနိုင်ပါတယ်။

ထမင်းစားပြီး ကော်ဖီတို့၊လက်ဖက်ရည်တို့ သောက်တတ်ကြပါသလား။ သောက်တတ်တယ်ဆိုရင်တော့ ဒါဟာ ရေရှည်မှာသင့်ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်တယ်ဆိုတာကို သိထားဖို့လိုအပ်ပါပြီ။ ထမင်းစားပြီးတိုင်း ကော်ဖီ၊လက်ဖက်ရည်သောက်ခြင်းက ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်ပါသလဲ အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က အခုလို ဆွေးနွေးဝေမျှပေးထားပါတယ်။



ဓာတ်ပုံ - freepik

အစာစားပြီးတာနဲ့ ကော်ဖီတန်းသောက်ပါက ဘာဆိုးကျိုးတွေရှိနိုင်လဲ

အခုနောက်ပိုင်းမှာ လူတော်တော်များများအကျင့်ဖြစ်နေတာက အစာစားပြီးတာနဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ ချက်ချင်းသောက်လိုက်ကြပါတယ်။ အစားစားလိုက်တဲ့အခါ အသားတွေထဲမှာ ပါဝင်တဲ့ သံဓာတ်ကို ကော်ဖီ၊လက်ဖက်ရည်တို့ က မချေဖျက်နိုင်ပေးပါဘူး။

“ဥပမာအနေနဲ့ ပြောမယ်ဆိုရင် အစာစားလိုက်တယ်ပေါ့။ အစာစားတဲ့ထဲမှာ Iron (သံ) ဓာတ်တွေပါတယ်။ ဥပမာ ဝက်သားပဲ စားစား၊ အမဲသားပဲ စားစား၊ ဘာအသားပဲစားစား အသားထဲမှာပါတဲ့ Iron ဓာတ်တွေကို စုပ်ယူတဲ့ အခါမှာ ကဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့သောက်ထားတဲ့အတွက် စုပ်ယူမှု နှောင့်နှေးစေပါတယ်“ လို့ အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က ဆိုပါတယ်။

ဓာတ်ပုံ - freepik

ရေရှည်မှာ ဘာရောဂါတွေဖြစ်နိုင်လဲ

ထမင်းစားပြီးတိုင်း ကော်ဖီ၊ လက်ဖက်ရည်သောက်တာက အကျင့်ပါနေတယ်ဆိုရင်တော့ ကြာလာတဲ့အခါ ကိုယ်စားတဲ့ အစားအစာထဲမှာပါတဲ့ သံဓာတ်တွေကို စုပ်ယူမှုနည်းသွားစေတဲ့အတွက် ရေရှည်မှာ သံဓာတ်ကြောင့် သွေးအားနည်းတဲ့ ရောဂါ ‌ဖြစ်စေနိုင်ပါတယ်။ 

“ ဒါကြောင့်ဖြစ်နိုင်တယ်ဆိုပါက ကော်ဖီ၊ လက်ဖက်ရည်ကို ထမင်းစားပြီးတိုင်းမသောက်သင့်ပါဘူး။ Tea Time ဆိုပြီး အချိန်တစ်ခုခုသက်သက်ပေးပြီး သောက်တာပိုကောင်းပါတယ်” လို့ ဒေါက်တာ ဝင်းဝင်းမြင့်က အကြံပြုပါတယ်။

ဓာတ်ပုံ - freepik

ကော်ဖီကို ဘယ်အချိန်မှာ သောက်ကြမလဲ

ကော်ဖီကို မနက်ခင်း ဒါမှမဟုတ် နေ့လယ်ခင်းမှာ ဘယ်အချိန်မှာ သောက်သင့်သလဲဆိုပါက အိပ်ရာက နိုးပြီး သုံးနာရီမှ လေးနာရီအတွင်း သောက်တာက သင့် ရဲ့ နိုးကြားမှုကို တိုးစေနိုင်ပါတယ်။ သတိပြုသင့်တာက ကော်ဖီသောက်ပြီးနောက် အိပ်ရာဝင်ချိန်နဲ့ အချိန် ၆ နာရီလောက်ခြားထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ရာမဝင်ခင်မှာ ကဖိန်းဓာတ် လောင်ကျွမ်းဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းမလုပ်ခင် နာရီဝက် ကနေ တစ်နာရီအတွင်း ကော်ဖီတစ်ခွက်သောက်ထားမယ်ဆိုရင် သင့် ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်ကြောင့် ခန္ဓာကိုယ်အဆီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်တာပါ။

ဖော်ပြပါ သတင်းအချက်အလက်များသည် အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က ဆွေးနွေးဝေမျှပေးထားခြင်းဖြစ်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

က္က