ဒီနေ့မနက်ပိုင်းက တာမွေဗလီမီးပွိုင့်နားမှာ မူးလဲကျသွားခဲ့တဲ့လူနာကို သယ်ယူခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် (၂) ဦးကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်လိုက်ပြီလို့ သိရပါတယ်။
အဲဒီလူနာကို သယ်ဆောင်ပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့တဲ့ Special Rescue Team အဖွဲ့မှ ဦးနေဝင်းစိုးနဲ့ အာကာအောင်တို့ ၂ ဦးကို လက်ရှိ တာမွေ အ.ထ.က (၁) ကျောင်းမှာ သီးခြားထားရှိထားတယ်လို့ လူနာကိုသယ်ယူခဲ့တဲ့ ဦးနေဝင်းစိုးက ပြောပါတယ်။
Photo-နေဝင်းစိုး ထာဝရအလင်းတန်း
“ ကျွန်တော်တို့လူနာကို ပို့ဆောင်ခဲ့ပြီး ပြန်လာတဲ့အချိန်မှာပဲ ဆေးရုံက Quarantine ဝင်ဖို့ ဖုန်းဆက်လာပါတယ်။ Specia Resuce Team အနေနဲ့ Quartantine ထားဖို့ရယ်၊ ကူညီကယ်ဆယ်ရေးလုပ်ပေးဖို့ရယ်ဆိုပြီး နေရာတွေကို နဂိုကတည်းက ကြိုတင်ပြင်ဆင်ထားပါတယ်။ ု ကျွန်တော်ရယ်၊ မောင်အာကာအောင်ရယ်က လူနာကို ၂ ယောက်တည်းသယ်ခဲ့ရတဲ့သူဆိုတော့ အခု Quarantine စဝင်နေပါပြီ” လို့ ဦးနေဝင်စိုးက Duwun ကိုပြောပါတယ်။
တာမွေမြို့နယ် ဗလမီးပွိုင့်အနီးမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကိုယ်အပူချိန်မြင့်တက်ပြီး လဲကျသွားခဲ့တာကြောင့် Special Rescue Team အဖွဲ့ မှ သွားရောက်ကူညီပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
အခုတော့ လူနာကို ရန်ကုန်ဆေးရုံကြီးရဲ့ COVID-19အထူးကြပ်မတ်ဆောင်မှာထားရှိထားပြီး COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတာတွေကိုတော့ ဆေးရုံဘက်မှ တာဝန်ရှိသူတွေကပဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။