photo-မအူကုန်းလမ်းကျယ် ပရဟိတအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် (၁၄၁)လမ်းရှိ တိုက်အမှတ်(၁၇) ရေလှောင်ကန်အတွင်းမှာ အမျိုးသားတစ်ဦးသေဆုံးနေကြောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ မနက်ပိုင်းကတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသေဆုံးနေတဲ့ အမျိုးသားက တိုက် (၁၇)ပထမထပ်မှာ တစ်ဦးတည်းနေထိုင်တဲ့ သူဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်ခန့်လောက်က ရေကန်အတွင်းကျပြီး သေဆုံးနိုင်ခြင်းဖြစ်တယ်လို့ ဖြစ်စဉ်အတွင်း သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ မအူကုန်းလမ်းကျယ် ပရဟိတအသင်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝင်းထွန်းက Duwun ကိုပြောပါတယ်။
“ သေဆုံးတဲ့ အမျိုးသားက အသက်(၅၀)ကျော်လောက်တော့ရှိမယ်။ သူ့အမျိုးသမီးက နယ်မှာနေပြီး သူက အခုတိုက်(၁၇)မှာပဲ တစ်ယောက်တည်းနေတာ။ သူ့အမျိုးသမီးကိုတော့ အကြောင်းကြားထားပြီ လာနေပြီလို့ပြောတယ်။ ပတ်ဝန်းကျင်ပြောပြချက်အရတော့ အဲဒီအမျိုးသားက အရက်သောက်တယ်ပြောတယ်။ မူးပြီးကျနေတဲ့သဘောပေါ့။ သူသေဆုံးနေတဲ့ ရေလှောင်ကန်က တိုက်(၁၇)တစ်တိုက်လုံးကိုရေပေးဝေတဲ့ကန်၊ ဒီနေ့မနက်မှ ကန်ထဲရေဖြည့်မယ်ဆိုကြတော့မှ ရေကနောက်နေလို့ဆိုပြီး ကြည့်တော့ သူသေနေတဲ့အလောင်းနဲ့ ပုပ်နံ့ရတာဆိုပြီးပြောတယ်။ ကျွန်တော်တို့အဖွဲ့က သွားရောက်ကူညီပေးပြီး အခုတော့အလောင်းကို ရန်ကုန်ဆေးရုံကြီးကိုပို့ထားတယ်” လို့ ဦးကျော်ဝင်းထွန်းကပြောပါတယ်။
အဆိုပါအမျိုးသားသေဆုံးနေခဲ့တဲ့ ရေလှောင်ကန်ဟာ အမြင့်ပေ (၆)ပေလောက်ရှိပြီး ရေကန်ကိုတော့ ဒီနေ့ ချက်ချင်း ပိုးသတ်ဆေးဖြန်းတာနဲ့ ကန်ကိုပြန်လည်ဆေးကြောခြင်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါအမျိုးသားသေဆုံးမှုနဲ့ ပတ်သက်လို့ တာမွေမြို့နယ်ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။