ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာဟာ သူ့ရဲ့ တားမြစ်ဆေးကျရှုံးမှုအတွက် အယူခံဝင်ဖို့၊ ပြစ်ဒဏ်လျှော့ချပေးဖို့ကို တူရင်မြို့မှာပဲ စောင့်ဆိုင်းနေကြောင်း သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ ပေါ့ဘာရဲ့ ဂျူဗင်တပ်စ်နဲ့ ပြင်သစ်အသင်းဖော် ရာဘီရော့က ပြောကြားခဲ့တာပါ။
ပေါ့ဘာဟာ တားမြစ်ဆေးကျရှုံးမှု နှစ်ကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့တာကြောင့် ဒီအတွက် ဘောလုံးလောကကနေ (၄) နှစ် ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်ကတော့ ဒါဟာ သူ့အမှားမဟုတ်ဘူးလို့ ယုံကြည်နေပြီး အယူခံဝင်ဖို့ ပြင်ဆင်ထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြင်သစ်လက်ရွေးစင်နဲ့အတူ ပူးပေါင်းနေတဲ့ ရာဘီရော့က “ပေါ့ဘာအကြောင်းလား? ဖြစ်ပျက်ခဲ့တာတွေက အရမ်းကို ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့အကြားမှာလည်း အဆက်အသွယ်ရှိနေပြီး ပုံမှန်စကားပြောဖြစ်နေပါတယ်။ သူလည်း တူရင်မှာပဲ ရှိနေတုန်းပါ”
“သူက ဘာကြောင့် ဒီလိုမျိုး ပွဲပယ်ခံရတယ်ဆိုတဲ့ အကြောင်းပြချက် တိတိပပကို စောင့်ဆိုင်းနေပါတယ်။ အဲ့ဒါမှပဲ သူက အယူခံတင်နိုင်မှာပါ။ သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါ့ဘာ ကျွန်တော့်ကို ပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့်ပါ”
“(၄) နှစ် ပွဲပယ်ပြစ်ဒဏ်ဆိုတာကြီးက အရမ်းကို များပြားပါတယ်။ သူတို့အနေနဲ့ ဒီပြစ်ဒဏ်ကို ပြန်ပြီး သုံးသပ်ကြမယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပေါ့ဘာအနေနဲ့ ဒီပြစ်ဒဏ်ကိုသာ မရှောင်လွှဲနိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့ လက်ရှိအသက်အရွယ်အရ ကစားသမားဘဝ အဆုံးသတ်သွားမှာလည်း ဖြစ်ပါတယ်။