ဘာစီလိုနာနည်းပြဇာဗီက လာမယ့်ကြာသပတေးနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပလေးအော့ ဒုတိယအကျော့မတိုင်ခင်မှာ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ကို ထပ်မံချီးကျူးခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ပထမအကျော့က နူးကမ့်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အဆုံးအဖြတ်ပွဲကို ကစားရတော့မှာဖြစ်ကာ အိမ်ရှင်ယူနိုက်တက်က အနည်းငယ်အခွင့်အရေးပိုရနေတာဖြစ်ပါတယ်။
အဝေးဂိုးစည်းမျဉ်းမရှိတော့တာကြောင့် နှစ်သင်းစလုံးအတွက် အခွင့်အရေးရှိနေပေမယ့်လည်း ဘာစီလိုနာက အဝေးကွင်းကစားရမှာဖြစ်တဲ့အပြင် အားထားရတဲ့ ဂါဗီနဲ့ ပီဒရီတို့လို ကွင်းလယ်လူတွေလည်း မပါဝင်နိုင်တာကြောင့် အခက်တွေ့ဖွယ်ရှိနေပါတယ်။ တဖက်မှာ ယူနိက်တက်ကလည်း တန်ဟက်ဂျ်လက်အောက်မှာ ခြေစွမ်းပြနေတာကြောင့် ဘာကာကို အနိုင်ယူနိုင်စွမ်း အပြည့်အ၀ရှိနေတာပါ။
ဇာဗီက "တန်ဟက်ဂျ်က သူ့ကစားသမားတွေဆီက စွမ်းရည်အားလုံးကို ရယူထားနိုင်ခဲ့တယ်၊ ဂျေဒန်ဆန်ချို၊ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခင်ဗျားကြည့်ပါလား၊ ပြီးတော့ ပေါ်တူဂီသား ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်ကစားပုံကိုသာ ကြည့်တော့ဗျာ" လို့ ပြောဆိုခဲ့တယ်လို့ Times က ဆိုပါတယ်။ ဇာဗီဟာ ပထမအကျော့မတိုင်ခင်ကလည်း ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က သူ အထိတ်လန့်ရဆုံး ယူနိုက်တက်ကစားသမားဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
အမှန်တကယ်လည်း တန်ဟက်ဂျ်လက်အောက်မှာ အဆိုပါကစားသမားတွေက ခြေစွမ်းကောင်းတွေပြန်ရလာခဲ့ပြီး ရက်ရှ်ဖို့ဒ်ဆိုရင် ကမ္ဘာ့ဖလားပြီးနောက်ပိုင်း ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ကာ ပထမအကျော့တုန်းက ဘာစီလိုနာဘက်ကို လှပတဲ့ကန်သွင်းချက်နဲ့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကျန်ကစားသမားတွေကလည်း အကောင်းဆုံးပုံစံတွေပြသနေကာ ယူနိုက်တက်တို့ ဒီရာသီမှာ အခြေအနေပြန်ကောင်းလာခဲ့တာဖြစ်ပါတယ်။