ချက်ရှိုင်းယားက Gym တခုမှာပါ သူက သွားရောက်လေ့ကျင့်နေပါပြီ။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ချက်ရှိုင်းယားဒေသက Gym တခုမှာ တလကို ပေါင် ၂၂၅ ပေးသွင်းပြီး လေ့ကျင့်ခန်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဒီလုပ်ရပ်ကြောင့် ချက်ရှိုင်းယားဒေသခံတွေကြားမှာ အံ့အားသင့်မှုတွေဖြစ်ခဲ့ရပြီး ပေါ်တူဂီသားဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း၊ နေအိမ်မှာကိုယ်ပိုင်လေ့ကျင့်ခန်းတွေလုပ်တဲ့အပြင် အဆိုပါ Gym မှာလည်း သွားရောက်ပြီး လေ့ကျင့်နေတာလို့ ဆိုပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ချက်ရှိုင်းယားရဲ့ အဆင့်မြင့်ဧရိယာအတွင်းက Knutsford မှာရှိတဲ့ Cpase ကလပ်မှာ သူ့ကို ပုံမှန်မြင်တွေ့နေရတယ်လို့ သိရပါတယ်။ အဆိုပါကလပ်ကတော့ ဘောလုံးသမားတွေ စိတ်ကြိုက်တ​ွေ့တဲ့နေရာလို့ သိရပြီး ရော်နယ်ဒိုပါ ပူးပေါင်းမှုက အားလုံးကို မှင်သက်စေခဲ့တာပါ။ 

ရော်နယ်ဒိုနဲ့အတူ သူ့ရဲ့အတူနေချစ်သူ ဂျော်ဂျီနာလည်း လိုက်ပါလာတယ်လို့သိရပြီး အင်စတာဂရမ်မှာ ရော်နယ်ဒိုဖော်ပြခဲ့တဲ့ သူ့ရဲ့သားနဲ့ပုံက အဆိုပါ Gym မှာ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ကစားသမားဘ၀မှာ အခြားသူတွေထက် ပိုမိုကြိုးစားအားထုတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံးဖြစ်နေစေဖို့ ရော်နယ်ဒိုက အားထုတ်လေ့ရှိသူဖြစ်ပါတယ်။ 

အခုလိုမျိုး ရော်နယ်ဒိုဘက်က အားထုတ်နေတာဟာ လာမယ့်ရာသီမှာ တန်ဟက်ဂျ်လက်အောက် အဓိကကစားသမားအဖြစ်နဲ့ ဆက်လက်ကစားနိုင်ဖို့လို့လည်း ပရိသတ်တွေ ယူဆနေကြပါတယ်။ တန်ဟက်ဂျ်ကိုယ်တိုင်ကလည်း ရော်နယ်ဒိုကို အဓိကကစားသမားအဖြစ်နဲ့ အသုံးပြုမယ်လို့ အရိပ်အမြွက်ပြောဆိုထားချိန်မှာ ပေါ်တူဂီသားက နည်းပြသစ်ရောက်လာချိန်မှာ သူ့ဘက်က လစ်ဟာမှုမရှိအောင် ပြင်ဆင်နေတာလို့လည်း ဆိုပါတယ်။ 


Share

Loading Next Article...
က္က