အေဂျက်ဇ်တောင်ပံကစားသမားအန်တိုနီဟာ နည်းပြတန်ဟက်ဂျ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းကို လိုက်ပါလာဖို့ ရေပန်းစားနေပါတယ်။ ဘရာဇီးလ်ကစားသမားဟာ တန်ဟက်ဂျ်ရဲ့ လက်အောက်မှာ ခြေစွမ်းတော်တော်လေးပြသနေခဲ့သူဖြစ်ပြီး ဒီရာသီမှာ အေဂျက်ဇ်ရဲ့ အားအထားရဆုံးကစားသမားတွေထဲက တဦးလည်းဖြစ်ပါတယ်။
အသက် ၂၂ နှစ်သာရှိသေးတဲ့ အန်တိုနီကို ဆော်ပေါ်လိုကနေ အေဂျက်ဇ်က ခေါ်ယူခဲ့တာဖြစ်ပြီး ၂ ရာသီအတွင်းမှာပဲ သူက ပြိုင်ပွဲစုံ ၇၉ ပွဲမှာ ၂၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ကာ ဖန်တီးမှုအများအပြားလည်း ပြုလုပ်ပေးထားခဲ့ပါတယ်။ အေဂျက်ဇ်မှာပြသနေတဲ့ ခြေစွမ်းကြောင့် ဘရာဇီးလ်အသင်းကြီးရဲ့ ခေါ်ယူမှုကိုပါ ရရှိခဲ့ပြီး အခုဆိုရင် ၉ ပွဲကစားပေးထားကာ ၂ ဂိုး သွင်းယူပေးထားပြီးလည်းဖြစ်ပါတယ်။
ညာတောင်ပံတိုက်စစ်မှာ ကောင်းကောင်းကစားနိုင်ပြီး ပြိုင်ဘက်တွေကို လျင်မြန်မှု၊ အလိမ်အခေါက်တွေနဲ့ ကျော်ဖြတ်နိုင်စွမ်းရှိသလို ကိုယ်တိုင်လည်းဂိုးသွင်း၊ ဖန်တီးနိုင်မှုမြင့်မားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်မှာ လိုအပ်နေတဲ့ ညာတောင်ပံတိုက်စစ်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး တန်ဟက်ဂျ်ကလည်း သူ့ရဲ့တပည့်ကို အိုးထရက်ဖို့ဒ်ဆီ တပါတည်းခေါ်ယူလာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီကစားသမားအတွက် အေဂျက်ဇ်က ပေါင် ၁၃ သန်းသာပေးခဲ့ရပြီး အောင်မြင်မှုနဲ့ခြေစွမ်းအရ နောက်ထပ် ၅ သန်းထပ်ပေးရဖို့ရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အန်တိုနီရဲ့တန်ဖိုးကို ပေါင် ၅၅ သန်းအထိ အေဂျက်ဇ်က သတ်မှတ်ထားကာ ယူနိုက်တက်က ခေါ်ယူခဲ့မယ်ဆိုရင် ကြီးမားတဲ့အမြတ်အစွန်းကို ရရှိမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ တန်ဟက်ဂျ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ ထုတ်ပေးမှာဖြစ်ပြီး အသင်းကစားသမားတွေကို ရောင်းချပြီးရရှိတဲ့ ငွေကြေးကိုပါ အသုံးပြုခွင့်ပေးမယ်လို့ ကတိပေးထားပါတယ်။