စတန်ကော်လီမိုးက ဖာဂူဆန်နဲ့ပတ်သက်လို့ သုံးသပ်ခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အနေနဲ့ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကိစ္စမှာ ဝင်ရောက်စွက်ဖက်ခွင့်မရသင့်တော့ဘဲ နည်းပြတန်ဟက်ခ်ကိုသာ လုပ်ပိုင်ခွင့်အပြည့်အဝ ပေးသင့်ပြီလို့ စတန်ကော်လီမိုးကဆိုပါတယ်။ The Mirror သတင်းဌာနမှာ ရေးသားခဲ့တဲ့ ဆောင်းပါးမှာ ကော်လီမိုးက အခုလိုရေးသားခဲ့တာဖြစ်ပါတယ်။



ဖာဂူဆန်ဟာ ရော်နယ်ဒို လက်ရှိနွေရာသီအတွက် ကာရင်တန်ကို ပထမဆုံးရောက်လာတဲ့နေ့မှာတင် ကာရင်တန်ကို ရောက်ရှိလာခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ဖာဂူဆန် ကြားဝင်စေ့စပ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဖာဂူဆန်ကတော့ ဘုတ်အဖွဲ့အစည်းအဝေးအတွက်သာ လာရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖာဂူဆန်နဲ့ရော်နယ်ဒိုတို့ အဲ့ဒီနေ့က ကာရင်တန်မှာပဲ ခေတ္တခဏ တွေ့ဆုံဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်ရောက်လာချိန်မှာလည်း ဖာဂူဆန်က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြန်လာတာ ဖာဂူဆန်ကို ရည်စူးကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်ကို စိတ်ရောကိုယ်ပါနှစ်ပြီး တည်ဆောက်ခဲ့သူ၊ ရော်နယ်ဒိုအတွက် အဖေရင်းတမျှ အရေးပါတဲ့သူအဖြစ် ထင်ရှားပါတယ်။

ဒါပေမယ့် ဒီတကြိမ်ကိစ္စမှာတော့ ဖာဂူဆန်အနေနဲ့ တန်ဟက်ခ်ရဲ့လုပ်ပိုင်ခွင့်အတွင်းကို ဝင်ရောက်ပတ်သက်ခြင်းမပြုဘဲ သေချာပေါက် ရှောင်ရှားရမယ်လို့ ကော်လီမိုးက ဆိုပါတယ်။ ဒါဟာ ဖာဂူဆန်ရဲ့အလုပ်မဟုတ်တော့ဘဲ တကယ်လို့ ရော်နယ်ဒိုကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ရင်လည်း ဒါဟာ တန်ဟက်ခ်ရဲ့လုပ်ပိုင်ခွင့်ကို ဘောင်ကျော်တာဖြစ်တယ်လို့ ကော်လီမိုးက ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ရော်နယ်ဒိုအကြား တင်းမာမှုတွေက ရှေ့ဆက်နေဆဲဖြစ်ပြီး တန်ဟက်ခ်ကိုယ်တိုင်က ရော်နယ်ဒိုကို မရောင်းဘူးဆိုထားပေမယ့် ရော်နယ်ဒိုမပါဝင်တဲ့အသင်းကိုလည်း ရာသီကြိုခြေစမ်းပွဲတလျှောက်မှာ တန်ဟက်ခ်က တည်ဆောက်ပြခဲ့ပါတယ်။ တန်ဟက်ခ်နဲ့ ဖာဂူဆန်အကြား စကားပြောဆိုမှုတွေရှိခဲ့သေးတယ်လို့ သိရပေမယ့် ရော်နယ်ဒိုကိစ္စနဲ့တော့ သက်ဆိုင်ပုံမရပါဘူး။ လက်ရှိအနေအထားတွေအရ ဖာဂူဆန်က အသင်းရဲ့ဘုတ်အဖွဲ့မှာ ဒေးဗစ်ဂီးလ်၊ ဘရိုင်ယန်ရော့ဘ်ဆင်တို့နဲ့အတူ ပြန်လည်ပါဝင်လာပေမယ့် ရော်နယ်ဒို အသင်းပြောင်းမယ့်ကိစ္စမှာ ဝင်ရောက်စွက်ဖက်ဖွယ်မရှိတော့ပါဘူး။ 

Share

Loading Next Article...
က္က