ယူနိုက်တက်ဂိုးသမား အိုနာနာက တန်ဟက်ခ်ကို သူ့အနေနဲ့ ကာကွယ်ပေးဖို့ မလိုအပ်ကြောင်း၊ အဆိုပါ နယ်သာလန်လူမျိုးနည်းပြက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ နည်းပြတစ်ယောက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်ဟာ ယူနိုက်တက်နည်းပြရာထူးကနေ အထုတ်ခံရမယ်လို့ သတင်းထွက်နေတာပါ။
ယူနိုက်တက်တာဝန်ရှိသူတွေဘက်က တန်ဟက်ခ်ကို ဒီနေ့ည မန်စီးတီးနဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲမှာ နိုင်နိုင်၊ ရှုံးရှုံး ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေက ဖော်ပြထားတာပါ။ အတည်မပြုနိုင်တဲ့ သတင်းတွေ ဆိုပေမယ့်လည်း လက်ရှိအနေအထားအရတော့ ဖြစ်နိုင်ချေ များပြားနေပြီလို့ ဆိုရမှာပါ။
အက်ဖ်အေဖလားဖိုင်နယ်ပွဲမတိုင်ခင်မှာ အိုနာနာက “ကျွန်တော် ဒီမှာရှိနေတာ တန်ဟက်ခ်အတွက် ရပ်တည်ပေးဖို့ ကာကွယ်ပေးဖို့ မဟုတ်ပါဘူး။ သူက သူကိုယ်တိုင် ရပ်တည်နိုင်စွမ်း၊ သူ့ကိုယ်သူ ထောက်ခံနိုင်စွမ်းရှိတဲ့လူတစ်ယောက်ပါ။ လူကောင်းတစ်ယောက်၊ အပေါင်းလက္ခဏာဆန်တဲ့နည်းပြ၊ ဗျူဟာပိုင်းကောင်းမွန်တဲ့နည်းပြပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း အဆင့် (၈) နေရာနဲ့ ရာသီသိမ်းခဲ့ရပါတယ်။ ဒါက သမိုင်းတစ်လျှောက် သူတို့အတွက် အဆိုးရွားဆုံး ရပ်တည်မှုဖြစ်ခဲ့ပြီး ဒီနေ့ည မန်စီးတီးကို အနိုင်ရမှသာ တန်ဟက်ခ်ရဲ့ အသင်းက လာမယ့်ရာသီ ဥရောပဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။