ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက စပါးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့သလို လူစားဝင်ကစားခွင့်လည်း မရရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် ဒီပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ကြီးက ပွဲသိမ်းခရာမမှုတ်ခင်မှာတည်းက အဝတ်လဲခန်းထဲ ဝင်သွားခဲ့တာကို ပရိသတ်အားလုံး မြင်တွေ့ခဲ့ရပါတယ်။
ရော်နယ်ဒိုရဲ့လုပ်ရပ်ကို အားလုံးက အပြင်းအထန် ဝေဖန်နေကြပြီး ဒါဟာ အသင်းအပေါ် လေးစားမှုမရှိတဲ့လုပ်ရပ်ဖြစ်ကြောင်း ဆိုနေကြပါတယ်။ ရော်နယ်ဒိုဟာ လူစားဝင်ကစားခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် တန်ဟက်ခ်ကတော့ အဲရစ်ဆင်၊ တွမ်မီနေး၊ အီလန်ဂါတို့ကိုပဲ ထည့်သွင်းကစားစေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ဒီလိုမျိုး ပြုမူခဲ့တာပါ။
ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ “တန်ဟက်ခ်က ရော်နယ်ဒိုကို သွေးပူလေ့ကျင့်ခန်းလုပ်ခိုင်းပြီးမှ အရန်ခုံမှာပဲ ဆက်ထိုင်ခိုင်းလိုက်တာ။ ဒါက မလေးမစားလုပ်တာမဟုတ်ရင် ဘာလုပ်တာလဲ ငါလည်း မသိတော့ဘူး” “အခု ရော်နယ်ဒို မလေးမစား အလုပ်ခံရတာက ဘောလုံးလောကမှာ သစ္စာတရားမရှိတော့တာကို သက်သေပြနေပါတယ်။ သူ မန်စီးတီးကိုကျော်ပြီး ယူနိုက်တက်ကို ရွေးခဲ့တဲ့အပေါ် ယုံတောင်မယုံနိုင်ပါဘူး”
“တန်ဟက်ခ်က ပွဲမစခင်မှာ ရော်နယ်ဒိုကို ကစားခွင့်ပေးမယ်ဆိုပြီး တမိနစ်တောင် ပေးမကစားခဲ့တာပါ။ ပြီးတော့ သူ့ထက် အရင် အီလန်ဂါကို ထည့်လိုက်တာကလည်း လေးစားမှုမရှိတာပါပဲ။ ရော်နယ်ဒိုက မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ခဲ့တာပါ။ သူ အဲ့ဒီမတိုင်ခင်တည်းက အဝတ်လဲခန်းထဲ ဝင်သွားရမှာပါ” လို့ ကာကွယ်ပြောကြားနေကြပါတယ်။ တန်ဟက်ခ်ကတော့ ဒီဖြစ်ရပ်အတွက် ရော်နယ်ဒိုနဲ့ စကားပြောသွားမယ်လို့ ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာလည်း ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲခံရတာကြောင့် ခေါင်းတရမ်းရမ်းနဲ့ မကျေမနပ်အမူအရာမျိုးကို ပြသခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်အများစုကတော့ ဒီဖြစ်ရပ်မှာ ရော်နယ်ဒိုဘက်က မရပ်တည်ဘဲ ဒီကစားသမားအနေနဲ့ အသင်းအပေါ် မလေးမစားပြုမူခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။