ရော်နယ်ဒိုကို ရှီးယားကလည်း ဝေဖန်လာခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားက ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ အပြုအမူတွေက တကိုယ်ကောင်းဆန်ပြီး အသင်းအဝတ်လဲခန်းကို ဒုက္ခပေးခဲ့တာဖြစ်ကြောင်း၊ နည်းပြ တန်ဟက်ခ်အတွက်လည်း စပါးနဲ့ပွဲက စွမ်းဆောင်ရည်ကောင်းထက် အစွန်းရောက်နေတဲ့လူတယောက်အကြောင်းကိုပဲ ပြောဖို့ ဖိအားပေးခံနေရတယ်လို့ ပြောကြားလာခဲ့ပါတယ်။



ရော်နယ်ဒိုဟာ စပါးနဲ့ပွဲမှာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင်မှာတင် အဝတ်လဲခန်းထဲကို ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအပြုအမူကြောင့် တန်ဟက်ခ်က ရော်နယ်ဒိုကို ချဲလ်ဆီးနဲ့ပွဲအတွက် ကစားသမားစာရင်းကနေ ထုတ်ပယ်ခဲ့ပြီး ယူ-၂၁ အသင်းနဲ့သာ လေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ရော်နယ်ဒိုကို သီးသန့်အားပေးတဲ့ပရိသတ်တွေသာ ရော်နယ်ဒိုဘက်က ရပ်တည်ပေးနေကြတာပါ။

ယူနိုက်တက်ပရိသတ်တွေအပါအဝင် နာမည်ကျော်အများစုကတော့ ရော်နယ်ဒိုရဲ့လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။ ရှီးယားကလည်း “ရော်နယ်ဒိုရဲ့ နောက်ဆုံးအပြုအမူက လုံးဝကို လက်ခံလို့မရဘူးလို့ ပြောသင့်ပါတယ်။ အသင်းဖော်တွေ၊ နည်းပြနဲ့ ပရိသတ်တွေကို လေးစားမှုရှိရမှာက ဘောလုံးလောကရဲ့ အခြေခံအချက်တချက်ပါ။ ဒါကိုမှ လူစားဝင်ကစားဖို့ ငြင်းဆန်တယ်၊ အဝတ်လဲခန်းထဲ စောဝင်သွားခဲ့တာက အဝတ်လဲခန်းစည်းမျဥ်းကို ချိုးဖောက်တဲ့ လုပ်ရပ်ပါပဲ”

“အသင်းလိုက်စုဖွဲ့မှုမှာ အသင်းနိုင်နိုင်ရှုံးရှုံး အတူတကွ ရှိနေရမှာပါ။ ဒီလိုမျိုး တကိုယ်ကောင်းဆန်ပြီး မိုက်မဲတဲ့လုပ်ရပ်မျိုးက လုံးဝကို ပရော်ဖက်ရှင်နယ်မဆန်တာပါ။ ဒီတော့ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို ပြစ်ဒဏ်ချလိုက်တာ မှန်ပါတယ်။ စပါးနဲ့ပွဲမှာ ဒီရာသီအသင်းရဲ့ အကောင်းဆုံးပုံစံအကြောင်းကို ထင်ဟပ်ရမယ့်အစား ရော်နယ်ဒိုကိစ္စက အင်မတန်ဆိုးရွားတဲ့ စံနမူနာကိစ္စကြီးဖြစ်သွားပါတယ်”

“တန်ဟက်ခ်မှာလည်း စပါးနဲ့ပွဲအကြောင်းထက် အစွန်းရောက်ပြီး စိတ်ကူးယဥ်နေတဲ့လူတယောက်အကြောင်းကိုပဲ ပြောဖို့ ဖိအားပေးခံနေရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ခ်ကတော့ ဒီလိုမျိုးတွေဖြစ်ခဲ့ပေမယ့် ရော်နယ်ဒိုကို မရောင်းဘူးလို့ဆိုထားပြီး လာမယ့် ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ရော်နယ်ဒိုကို ပြန်လည်အသုံးပြုသွားဖွယ်ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟထားပါတယ်။ 

Share

Loading Next Article...
က္က