ယူနိုက်တက်ရဲ့ အဓိက,ကစားသမားအချို့ ဒီကနေ့ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်ကို လာရောက်ပူးပေါင်းတော့မှာဖြစ်ပြီး ဒီအထဲမှာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ မက်ဂွိုင်းရားတို့ ပါဝင်တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ စတင်နေခဲ့ပြီးဖြစ်တဲ့ တန်ဟက်ခ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေမှာ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းထားတဲ့ ကစားသမားတွေ မပါဝင်နိုင်ခဲ့ပါဘူး။
ဒီကနေ့မှာတော့ ရော်နယ်ဒိုအပါအဝင် အဓိက,ကစားသမားအများစု ပြန်လည်ပူးပေါင်းဖို့ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ရော်နယ်ဒိုက မိသားစုကိစ္စအကြောင်းပြပြီး ယူနိုက်တက်ရဲ့ ဒီကနေ့လေ့ကျင့်ခန်း အစီအစဥ်တွေကို လာရောက်ပူးပေါင်းနိုင်မှာမဟုတ်သေးဘူးလို့ သိရှိရပါတယ်။ အသင်းဘက်ကလည်း ရော်နယ်ဒိုရဲ့ အကြောင်းပြချက်ကို ခွင့်ပြုပေးခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းထားတဲ့ ကစားသမားဖြစ်ပြီး ဒီကနေ့ ရော်နယ်ဒို ကာရင်တန်ကိုရောက်လာခဲ့ရင် သူ့ရဲ့အနာဂတ်အတွက် တန်ဟက်ခ်နဲ့ အကျေအလည်ဆွေးနွေးရဖွယ်ရှိပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားလိုတဲ့ဆန္ဒအပြင် အသင်းရဲ့ရည်မှန်းချက်ကို ယုံကြည်မှုမရှိတော့တာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။ “တန်ဟက်ခ်က ရော်နယ်ဒို အသင်းနဲ့ လာရောက်ပူးပေါင်းတဲ့အချိန်မှာ သူနဲ့ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ” လို့လည်း Mail Sport ရဲ့ ဆိုင်မွန်ဂျုံးစ်က ပြောပါတယ်။
တန်ဟက်ခ်အနေနဲ့ မက်ဂွိုင်းရား ရောက်လာခဲ့ရင်လည်း အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်လို့ ဒီကစားသမားနဲ့ ဆွေးနွေးရဦးမှာဖြစ်ပါတယ်။ မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတလျှောက်လုံး အမှားအယွင်းတွေ ပြုလုပ်ခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်နဲ့မထိုက်တန်တဲ့ ကစားသမားအဖြစ် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရတော့ မက်ဂွိုင်းရားဟာ အချက်အလက်အရ တန်ဟက်ခ်ရဲ့နည်းဗျူဟာပိုင်းအရ တောင်းဆိုမှုကို လိုက်လျောနိုင်တဲ့ ကစားသမားပါ။ ဒါပေမယ့် အသင်းခေါင်းဆောင်ရာထူးအတွက်တော့ ဆွေးနွေးဖို့ လိုအပ်နေပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်အတွက်တော့ ပထမအသင်းကြီးက ကစားသမားတွေ လာရောက်ပူးပေါင်းတာက သူ့အတွက် ကျေနပ်ရမှာထက် ခေါင်းစားစရာတွေများနေပြီလို့လည်း သုံးသပ်နေကြပါတယ်။