စီနီယာကစားသမားနှစ်ယောက် ကာရင်တန်မှာ ရန်ဖြစ်ခဲ့တာပါ။

ယူနိုက်တက် လေ့ကျင့်ရေးကွင်းမှာ ကစားသမားနှစ်ယောက် ရန်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ကို အသင်းဖော်တွေက ဝိုင်းဝန်းဖျန်ဖြေခဲ့ရပြီး ဘရိုက်တန်ကို လေးဂိုးပြတ်ရှုံးတဲ့ပွဲရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ ဆိုနေကြပါတယ်။



ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကစားသမားနှစ်ယောက်ရဲ့နာမည်ကို အတိအလင်း ထုတ်ဖော်ထားခြင်းမရှိပေမယ့် စီနီယာ ကစားသမားနှစ်ယောက်ဖြစ်ပြီး ကြာသပတေးက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာ အခုလို ရန်ပွဲဖြစ်ပွားခဲ့တာပါ။ ဘရိုက်တန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် စိတ်ဓာတ်ကျနေတဲ့ ယူနိုက်တက်ကစားသမားတွေဟာ ဒီရန်ပွဲကြောင့်လည်း အံ့အားသင့်ခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် သတင်းတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ကလည်း ဒီဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ကစားသမားတွေကို ဖျန်ဖြေဖို့အတွက် လေ့ကျင့်ခန်းအစီအစဥ်တွေကို စောစောစီးစီး ရပ်နားခဲ့ရတယ်လို့လည်း သတင်းရင်းမြစ်ကဆိုပါတယ်။ ကစားသမားတွေဟာ ဆိုးရွားတဲ့ ဘောလုံးရာသီတခုကို ဖြတ်သန်းနေရခြင်း၊ လေ့ကျင့်ရေးအစီအစဥ်တွေ၊ ကစားသမားနဲ့ ရန်းနစ်ဂ်ကြား အချိတ်အဆက်လွဲနေမှုတွေကြောင့် ပိုမိုစိတ်ဆတ်လာတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာမှာ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ပြီး ရန်းနစ်ဂ်ကို ခန့်အပ်ခဲ့တဲ့နောက် ဒီအသင်းကို ကယ်တင်နိုင်ဖို့ ပရိသတ်တွေမျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ရန်းနစ်ဂ်လက်ထက်မှာ ကစားသမားတွေနဲ့ ထင်သလောက် အစေးမကပ်ခဲ့ပါဘူး။

ရန်းနစ်ဂ်ဟာ ကစားသမားတွေရဲ့ ခံယူချက်၊ ကြံ့ခိုင်မှု၊ ခြေစွမ်းပိုင်းတို့ကို နှစ်သက်မှုမရှိကြောင်း ဘုတ်အဖွဲ့ကို ပြောကြားထားသလို ကစားသမားတွေဘက်ကလည်း ရန်းနစ်ဂ်အပါအဝင် နည်းပြအဖွဲ့ဝင်တွေရဲ့ အရည်အချင်းအပေါ် အထင်ကြီးမှုမရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်က လာမယ့်ရာသီသစ်အတွက် အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်ကို (၃) နှစ် စာချုပ်နဲ့ ခန့်အပ်ခဲ့ပြီးပါပြီ။ အဲရစ်တန်ဟက်ခ်နဲ့ ယူနိုက်တက်ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်တို့ဟာ အမ်စတာဒမ်မြို့မှာ ပုံမှန်တွေ့ဆုံကာ အသင်းရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေအတွက် ဆွေးနွေးမှုတွေ ရှိနေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က