ယူနိုက်တက်မှာ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားတဲ့ ရန်းနစ်ဂ်ရဲ့ လက်ထောက်ဟောင်း ခရစ္စအာမက်စ်က တန်ဟက်ခ်အနေနဲ့ ရော်နယ်ဒိုနဲ့ သေချာပေါက် အလုပ်လုပ်ဖို့ လိုအပ်ပြီး ရော်နယ်ဒိုက အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ခရစ္စအာမက်စ်ဟာ ပြီးခဲ့တဲ့ဒုတိယရာသီဝက်မှာ ရန်းနစ်ဂ်ရဲ့လက်ထောက်အဖြစ် ယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့သူပါ။ ရန်းနစ်ဂ်ဟာ ယူနိုက်တက်မှာ အတိုင်ပင်ခံရာထူးကို တာဝန်ယူဖို့ စီစဥ်ထားပေမယ့် အသင်းတွင်း တင်းမာမှုတွေရဲ့ နောက်ဆက်တွဲကြောင့် ယူနိုက်တက်နဲ့ စောစောစီးစီး လမ်းခွဲခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း ရော်နယ်ဒိုက ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပြီး တန်ဟက်ခ်ကလည်း ရော်နယ်ဒိုကို အတင်းဆွဲထားဖို့ စိတ်ကူးရှိဟန်မတူပါဘူး။ အဲ့ဒါကြောင့်လည်း ခရစ္စအာမက်စ်က “ရော်နယ်ဒိုက ယူနိုက်တက်အတွက် ကြီးမားတဲ့ အစိတ်အပိုင်းတခုအဖြစ်ရှိနေသေးပြီး သူ့ရဲ့အရည်အချင်းနဲ့ လုပ်နိုင်စွမ်းက အများကြီးရှိနေပါသေးတယ်။ အဲ့ဒါကြောင့်လည်း ကျနော့်အလုပ်က ရော်နယ်ဒိုဆီက ရနိုင်သမျှ ရအောင် စွမ်းဆောင်ရည်ကို ရယူဖို့ပါ”
“အရေးကြီးဆုံးက ရော်နယ်ဒိုနဲ့ ထိတွေ့ဆက်ဆံဖို့ပါပဲ။ သူက ယူနိုက်တက်အတွက် အများကြီးလုပ်ပေးနိုင်ပါသေးတယ်။ သူ့ရဲ့ အနိုင်ရဖို့နဲ့ဂိုးသွင်းဖို့ဆိုတဲ့ ခံယူချက်တွေနဲ့ရောပေါ့။ လူတိုင်းမှာ မတူညီတဲ့ ဦးဆောင်မှုပုံစံရှိပါတယ်။ ရော်နယ်ဒိုကလည်း သူ့နည်းသူ့ဟန်နဲ့သူ အသင်းကို ဦးဆောင်နိုင်ပါတယ်။ ကျနော့်ရဲ့ အဓိကပစ်မှတ်က ရော်နယ်ဒိုဆီက အကောင်းဆုံး ပုံစံကို ဘယ်လိုရယူရမလဲဆိုတာပါ”
“ဒီတော့ ကျနော် သူ့ကိုချဥ်းကပ်တယ်၊ သူနဲ့ စကားပြောတယ်၊ သူ့ကို ရုံးခန်းထဲခေါ်ပြီး မေးခွန်းတွေမေးတယ်၊ ဒီတော့ ရော်နယ်ဒိုက အောင်မြင်မှုတွေရဲ့ တစိတ်တပိုင်း၊ ပြဿနာတွေရဲ့ ဖြေရှင်းနည်းတခုဖြစ်လာခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်ကတော့ ရော်နယ်ဒို အသင်းမှာဆက်ရှိနေရင်တောင် ဦးစားပေး ကစားသမားအဖြစ် အသုံးပြုလိုဟန်မရှိပါဘူး။