တန်ဟက်ခ်က မက်ဆေ့ချ်ပို့ခေါ်ခဲ့ပေမယ့် အေဂျက်စ်ကိုသာ ရွေးချယ်ခဲ့တာပါ။

လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ လိုက်ပ်ဇစ်ကနေ အေဂျက်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ဘရိုင်ယန်ဘရော့ဘီက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် တန်ဟက်ခ်ကိုယ်တိုင် မက်ဆေ့ချ်ပို့ခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ နယ်သာလန်သားဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ အေဂျက်စ်ကို အငှားနဲ့ လာကစားခဲ့ပါတယ်။



အဲ့ဒီအချိန်တုန်းက တန်ဟက်ခ်လက်အောက်မှာ ဘရော့ဘီက (၁၁) ပွဲ ကစား၊ လိဂ်ဂိုး (၇) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် (၂၀) အရွယ် ဒီတိုက်စစ်မှူးကို တန်ဟက်ခ်က ယူနိုက်တက်ဆီခေါ်ယူဖို့ မက်ဆေ့ချ်ပို့ စည်းရုံးခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အေဂျက်စ်ကိုသာ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာပါ။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘရော့ဘီက “တန်ဟက်ခ်က ကျနော့်ဆီ မက်ဆေ့ချ်ပို့ခဲ့ပြီး ကျနော်နဲ့ အလုပ်လုပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် သူ့ကို ကျေးဇူးတင်ကြောင်းပဲ ကောင်းကောင်းပြောလိုက်ပါတယ်။ ကျနော်က အေဂျက်စ်ကိုပဲ လုံးဝပြောင်းရွှေ့ချင်ခဲ့တာပါ။ ကျနော့် သူငယ်ချင်းတွေလည်း အဲ့ဒီမှာရှိပြီး၊ အေဂျက်စ်ရဲ့ ကစားပုံကိုလည်း သဘောကျတာကြောင့် ကျနော် အဲ့ဒီမှာပဲ ဆက်နေချင်ခဲ့ပါတယ်။ ကျနော် အေဂျက်စ်မှာ တိုက်စစ်မှူးတယောက်အနေနဲ့ အောင်မြင်ချင်ပြီး ပြီးခဲ့တဲ့ နောက်ဆုံး (၆) လမှာလည်း ဒီလိုမျိုး ခံစားခဲ့ရပါတယ်။ သေချာပေါက် အေဂျက်စ်ကိုပြန်လာဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်”

“ကျနော်ပြောတာကိုယုံပါ။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကျနော်က အေဂျက်စ်အတွက် ကောင်းမွန်တဲ့ ပြောင်းရွှေ့ကြေးကိုရှာပေးနိုင်မှာဖြစ်ပြီး အသင်းကလည်း အကျိုးအမြတ်ရမှာပါ။ ဒီအသင်းမှာ တာဒစ်၊ ဘာ့ချ်ဝင်း၊ ကလာဆန်တို့လို ကစားသမားကောင်းတွေရှိနေပါတယ်။ လက်ရှိအချိန်မှာ ကျနော်လည်း အသင်းရဲ့ အခြေခံကျတဲ့ ကစားသမားပါ”

“ဒါပေမယ့် ကျနော့်ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ လိုအပ်ပါသေးတယ်။ ကစားပုံကောင်းကောင်းနဲ့ ဂိုးတွေသွင်းနိုင်ဖို့ပေါ့။ နည်းပြတွေက ကျနော့်ကို လျစ်လျူရှုနိုင်မှာ မဟုတ်ပါဘူး။ ကျနော့်ကို ပွဲထွက်ခွင့်ပေးရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့အနာဂတ် မရေရာမှုကြောင့် ဘရော့ဘီကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်စစ်မှူးနေရာအတွက် ကစားသမားသစ် မခေါ်ယူနိုင်သေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က