ဒီကနေ့ညနေမှာ ကစားခဲ့တဲ့ မဲလ်ဘုန်းဗစ်ထရီနဲ့ ယူနိုက်တက်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ ယူနိုက်တက်က အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ယူနိုက်တက်အတွက် ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲဖြစ်ခဲ့ပြီး နည်းပြသစ်တန်ဟက်ခ်အတွက်လည်း ပွဲဦးထွက် နှစ်ပွဲလုံးကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းရား၊ အီလန်ဂါ၊ ဂိုးသမားဟီတန်တို့ ပါဝင်လာတာကလွဲရင် လီဗာပူးကိုနိုင်တဲ့ပွဲက ပွဲထွက်စာရင်းနဲ့ ဘာမှအပြောင်းအလဲမရှိခဲ့ပါဘူး။ ဒါပေမယ့် ပွဲစလို့ (၄) မိနစ်မှာတင် ယူနိုက်တက်တို့ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ လင်ဒီလော့ဖ်၊ မက်ဂွိုင်းရားတို့ရဲ့ အားနည်းချက်ကတဆင့် အိုင်ကွန်မီဒစ်က လွယ်လွယ်ကူကူ သွင်းယူသွားခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ ယူနိုက်တက်က မာရှယ်လ်၊ ဘရူနိုဖာနန်ဒက်စ်၊ အီလန်ဂါ၊ ဆန်ချို၊ တွမ်မီနေး၊ ဒါလော့တို့ရဲ့ တွဲလုံးတွေကတဆင့် ချေပဂိုးရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ တွမ်မီနေး၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ကန်ချက်တွေကို နောက်တန်းနဲ့ဂိုးသမားက အစွမ်းပြကာကွယ်ခဲ့တာ၊ မာရှယ်လ်ရဲ့ ထိုးဖောက်မှုတွေက အရာမထင်ခဲ့တာကြောင့် ချေပဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့် ပွဲကစားချိန် (၄၂) မိနစ်မှာတော့ တွမ်မီနေးရဲ့ကန်ချက်က လမ်းကြောင်းပြောင်ပြီး ယူနိုက်တက်တို့ အမှတ်မထင် ချေပဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းပြီးခါနီးမှာ ယူနိုက်တက်အတွက် မာရှယ်လ်က ပိတ်သွင်းပြီး ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ဂိုးသမား ဟီတန်ကလွဲရင် ဆယ်ယောက်လုံး အပြောင်းအလဲလုပ်ခဲ့ပါတယ်။
မာလာစီယာ၊ ချာလီဆားဗေ့ချ်၊ ဗန်ဒီဘိခ်၊ တာဟစ်ချောင်၊ အာမက်ဒီယာလို၊ လိုင်ယာ့ဒ်၊ ဇီဒန်းအစ်ဘယ်လ်၊ တဲလက်စ်နဲ့ အဲရစ်ဘာယီတို့ ဝင်ကစားခဲ့ပြီး ရပ်ရှ်ဖို့ဒ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ယူနိုက်တက်အတွက် တတိယဂိုးကိုတော့ အဲရစ်ဘာယီရဲ့ ဖန်တီးပေးမှုကတဆင့် ရပ်ရှ်ဖို့ဒ်က သွင်းယူခဲ့ပါတယ်။ ပွဲပြီးဖို့ (၅) မိနစ်အလိုမှာတော့ မဲလ်ဘုန်းဗစ်ထရီကို ရောက်ရှိနေတဲ့ ယူနိုက်တက်ကစားသမားဟောင်း နာနီ လူစားဝင်ကစားခဲ့ပါတယ်။
ယူနိုက်တက်အတွက် ပွဲသိမ်းဂိုးကတော့ တာဟစ်ချောင်ရဲ့ ဖြတ်တင်ဘောကို ပြိုင်ဘက်ကစားသမားရဲ့ တားဆီးမှုကတဆင့် ကိုယ့်ဂိုးကိုယ်ဝင်သွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ခြေစမ်းပွဲနှစ်ပွဲဆက်တိုက် လေးဂိုးစီသွင်းပြီး ပြိုင်ဘက်တွေကို ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။