ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့်လေး ဟန်နီဘယ်လ်ဟာ ဒီကနေ့ ဗီလာနဲ့ တဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အပြုအမူအချို့ကတော့ နည်းပြ တန်ဟက်ခ်အတွက်ရော၊ ပရိသတ်တွေအတွက်ပါ မနှစ်မြို့စရာဖြစ်ခဲ့ရပါတယ်။
ဟန်နီဘယ်လ်ဟာ ဗီလာမှာ ကစားနေတဲ့ ယူနိုက်တက်ကစားသမားဟောင်း အက်ရှ်လေယန်းနဲ့ ခြေထောက်ချင်းချိတ်မိတဲ့နောက် မသင့်လျော်တဲ့ပုံစံမျိုးနဲ့ ပြုမူခဲ့ပါတယ်။ အက်ရှ်လေယန်းကတော့ ဒီကစားသမားလေးကို ဒေါသဖြစ်ခဲ့ဟန်ရှိပေမယ့် ပြဿနာကြီးကြီးမားမားတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီမတိုင်ခင်မှာ ဟန်နီဘယ်လ်က အက်ရှ်လေယန်းနဲ့ ထိပ်တိုက်တွေ့ဖို့အထိ ပြင်ဆင်ခဲ့ဟန်ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ ဟန်နီဘယ်လ်က ဗီလာဂိုးသမား အော်လ်ဆင်ကို အဝင်ကြမ်းခဲ့ပြန်ပါတယ်။ ဟန်နီဘယ်လ်အနေနဲ့ ပုံမှန်အနေအထားအရ ဘောလုံးကို ရယူဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိနိုင်ပေမယ့် အော်လ်ဆင်ကို အဝင်ကြမ်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်ကိုလည်း ဗီလာနောက်ခံလူတွေက ဒေါသထွက်ခဲ့ရပါတယ်။ အော်လ်ဆင်ကို သွားရောက်တောင်းပန်ချိန်မှာလည်း အော်လ်ဆင်က ဟန်နီဘယ်လ်ကို စောဒကထပ်တက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဟန်နီဘယ်လ်ဟာ ကစားပုံကြမ်းတမ်းတဲ့ ကစားသမားတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အဝေးကွင်းပွဲမှာလည်း ပြိုင်ဘက်အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အကြောင်းမဲ့သပ်သပ် လူချကစားခဲ့ပါတယ်။ အဲ့ဒီအချိန်က ယူနိုက်တက်ရဲ့ ယာယီနည်းပြဟောင်း ရန်းနစ်ဂ်က ဟန်နီဘယ်လ်ရဲ့ လုပ်ရပ်ကို ဒေါသထွက်ခဲ့ပြီး လူငယ်အသင်းနဲ့သာ ပြန်လည် လေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းပွဲတွေမှာ ရန်းနစ်ဂ် ဟန်နီဘယ်လ်ကို အသင်းကြီးလူစာရင်းမှာလည်း ထည့်သွင်းခြင်းမရှိတော့ဘဲ ဂါနာချိုတို့လို ကစားသမားတွေကိုသာ အဓိကဦးစားပေးခဲ့ပါတယ်။ အခုလည်း ဟန်နီဘယ်လ်က မလိုလားအပ်ဘဲ ကစားပုံကြမ်းတမ်းနေဆဲဖြစ်ပြီး တန်ဟက်ခ်လက်ထက်မှာ အခွင့်အရေးရရှိဖို့အတွက် သူ့ရဲ့ အပြုအမူကို ပြုပြင်ဖို့ လိုအပ်နေပါတယ်။