လူတန်တောင်းရဲ့ နောက်ခံလူလည်းဖြစ်၊ ယူနိုက်တက်နောက်ခံလူဟောင်းလည်းဖြစ်တဲ့ မန်ဂီက ဒီနေ့ည ယူနိုက်တက်နဲ့ ကစားမယ့်ပွဲမှာ ပြိုင်ဘက်ကို ဖိအားပိုများအောင် လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လူတန်တောင်းတို့ဟာ ဒီနေ့ည အိုးထရက်ဖို့ဒ်ကွင်းမှာ ရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ခြေစွမ်းနဲ့ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့်လည်း လူတန်တောင်းက ယူနိုက်တက်ထက် များစွာ အင်အားနည်းပါးတာကြောင့် အိုးထရက်ဖို့ဒ်မှာလည်း ယူနိုက်တက်ပဲ အနိုင်ရသွားမယ်လို့ အများစုက ယူဆထားပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း မန်ဂီကတော့ အားလုံးနဲ့မတူတဲ့ သူ့ရဲ့အမြင်ကို အခုလိုပဲ ဖွင့်ဟလာပါတယ်။ မန်ဂီက “လီဗာပူးနဲ့ပွဲက ကျွန်တော်တို့ ထင်ထားတဲ့အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြိုင်ဘက်ကို အကောင်းဆုံး ရင်ဆိုင်ကစားနိုင်ခဲ့ပါတယ်”
“ကျွန်တော်တို့ အဲ့ဒီပွဲမှာ အနိုင်ရဖို့တောင် တော်တော်လေး နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အရိုးသားဆုံးပြောရရင်တော့ ပွဲမစခင်မှာ ကျွန်တော်တို့ သရေရလဒ်ကို မျှော်ကိုးခဲ့ပါတယ်။ အဲ့ဒီပွဲ စွမ်းဆောင်ရည်က ကျွန်တော်တို့ကို ယူနိုက်တက်နဲ့ ရင်ဆိုင်ဖို့ ရာနှုန်းပြည့် ယုံကြည်မှုပေးခဲ့ပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ကျွန်တော်တို့ ရလဒ်ကောင်းတစ်ခု ရယူနိုင်ပြီး ကြောက်နေမှာလည်း မဟုတ်ပါဘူး”