ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းမှာ ပါဝင်မှုအချို့ကို လျှော့ချခံထားရပြီး ဒီအပေါ်မှာ အဆင်ပြေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ လက်ရှိနွေမှာ အသင်းရဲ့ တာဝန်ရှိသူနေရာအချို့ကို အပြောင်းအလဲလုပ်ထားတာပါ။
အိုမာဘာရာဒါ၊ ဒန်အက်ရှ်ဝေါ့၊ ဂျေဆင်ဝီလ်ကော့စ်တို့လို ပုဂ္ဂိုလ်တွေကို ဆာဂျင်မ်ရက်ကလစ်ဖ်က ခေါ်ယူပေးထားပါတယ်။ လက်ရှိ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာလည်း ယူနိုက်တက်က ခပ်သွက်သွက် လှုပ်ရှားနေပြီး ဇာကာဇီနဲ့ ယိုရိုတို့ကို ခေါ်ယူပြီးပါပြီ။
အသင်းရဲ့ အနေအထားနဲ့ ပတ်သက်လို့ တန်ဟက်ခ်က “အသင်းရဲ့ အခြေခံက တော်တော်လေး တောင့်တင်းလာပါတယ်။ ကျနော့်ဆီကနေလည်း ကင်းထောက်နဲ့ ကစားသမားခေါ်ယူမှုအလုပ်တွေကို လျှော့လိုက်နိုင်ပါပြီ။ ဒါက လိုအပ်ပါတယ်။ ကင်းထောက်နဲ့ ကစားသမားခေါ်ဖို့အတွက် တောင့်တင်းတဲ့ ပေါ်လစီလိုပါတယ်”
“ဒန်အက်ရှ်ဝေါ့၊ ဝီလ်ကော့စ်၊ ခရစ္စတိုဖာဗီဗယ်လ်တို့ရှိနေတာ ကျနော် ပျော်ရွှင်ရပါတယ်။ အသင်းက စျေးကွက်အကြောင်းကို ကောင်းကောင်းနားလည်နေပြီး ဒါက ကျနော့်ကို အကူအညီဖြစ်စေပါတယ်။ လူသစ်တွေနဲ့ အလုပ်လုပ်ရတာ အခုမှ ရက်အနည်းငယ်ပဲရှိပါသေးတယ်။ ဒါပေမယ့် ကျနော်နဲ့ အက်ရှ်ဝေါ့က တော်တော် ရင်းနှီးနေပါပြီ”
“ပိုင်ရှင်အသစ်တွေက ကျနော့်ကို လုပ်ငန်းစဉ်အသစ်ထဲ ပိုထည့်သွင်းလာပြီး အစောပိုင်းပဲရှိသေးပေမယ့် အခြေအနေတွေက တကယ်ကို ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီလစ်ဂ်၊ အူဂါတီ၊ ရာဘီရော့တို့ကိုလည်း ဆက်လက်ခေါ်ယူဖို့ သတင်းထွက်နေပါတယ်။