ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းနည်းပြ အဲရစ်တန်ဟက်ခ်ရဲ့ အနာဂတ် လှုပ်ခတ်နေတဲ့အပေါ် အက်ဖ်အေဖလားဖိုင်နယ်အပြီးမှာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလားမှာ ဗိုလ်စွဲခဲ့တာပါ။
ဒီပွဲအပြီး ကွင်းထဲမှာတင် မီဒီယာတွေက ဘရူနိုဖာနန်ဒက်စ်ကို အင်တာဗျုးခဲ့ပါတယ်။ ဒီလိုမျိုး အင်တာဗျူးတဲ့အချိန်မှာ တန်ဟက်ခ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် မီဒီယာတွေက ဘရူနိုဖာနန်ဒက်စ်ကို မေးခွန်းထုတ်ခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်က “တန်ဟက်ခ်က ဒီနေ့ပွဲမှာ အရာအားလုံးကို မှန်မှန်ကန်ကန်ရရှိခဲ့ပါတယ်။ ပွဲအတွက်လည်း ကောင်းကောင်းပြင်ဆင်ခဲ့ပါတယ်။ တစ်ခါတလေ ဒါက အလုပ်ဖြစ်သလို အလုပ်မဖြစ်တဲ့အခါလည်း ရှိတာပေါ့။ လောလောဆယ်တော့ ကျွန်တော်တို့ အောင်ပွဲခံချင်ပါတယ်”
“လက်ရှိအခိုက်အတန့်ကို အောင်ပွဲခံချင်ပြီး ပရိသတ်တွေ၊ အသင်းဝန်ထမ်းတွေ၊ နည်းပြတွေလည်း အပါအဝင်ပေါ့။ ကျွန်တော်တို့အားလုံး ဒီလိုမျိုး အောင်ပွဲခံဖို့ ထိုက်တန်ပါတယ်။ တန်ဟက်ခ်ရဲ့ အနာဂတ်က ကျွန်တော် ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဘောလုံးသမားသက်သက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
တန်ဟက်ခ်ကလည်း သူ့ရဲ့ယူနိုက်တက်နည်းပြရာထူးနဲ့ပတ်သက်လို့ ယုံကြည်ချက်အပြည့်ရှိနေပါတယ်။ တကယ်လို့ ယူနိုက်တက်ကနေ အထုတ်ခံရရင်တောင်မှ အခြားအသင်းတစ်သင်းမှာ ဆုဖလားတွေ ယူပြဦးမယ်လို့ တန်ဟက်ခ်က အက်ဖ်အေဖလား ဆွတ်ခူးပြီးတဲ့နောက် ပြောကြားထားပါတယ်။