ယူနိုက်တက်ရဲ့ လက်ရှိနွေရာသီစျေးကွက်မှာ ပထမဆုံးခေါ်ယူမှုဖြစ်လာမယ့် ဖီယင်နုဘယ်နောက်ခံလူ မာလာစီယာက သူ့အနေနဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့ စကားပြောဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ခံစားချက်တွေကို ရရှိခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီကစားသမားအတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်း အပိုဆုကြေး ယူရို (၂) သန်း ပေးချေရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လိုင်ယွန်ကိုရောက်ခါနီး မာလာစီယာကို ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကို လိုလိုလားလား လက်ခံခဲ့ပါတယ်။ တန်ဟက်ခ်နဲ့ စကားပြောဖြစ်ခဲ့တဲ့အပေါ် မာလာစီယာက အခုလိုပဲ ပြောပါတယ်။
“တန်ဟက်ခ်က အရမ်းကောင်းတဲ့နည်းပြတယောက်၊ နွေးထွေးတဲ့လူတယောက်ပါ။ ကျနော် သူနဲ့ စကားကောင်းကောင်းပြောခဲ့ပြီး ခံစားချက်အရမ်းကောင်းခဲ့ပါတယ်။ ဒါက အရမ်းအရေးကြီးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အတွက် အရာအားလုံး အဆင်ပြေခဲ့ပြီး နောက်ထပ်နှစ်တွေကြာအောင် ကျနော်တို့ အလုပ်တွဲလုပ်ဖြစ်မှာပါ”
“သူ့ဆီကလည်း အများကြီး သင်ယူနိုင်ဖို့ ကျနော်မျှော်လင့်ထားပြီး သူက ကစားသမားတွေကို အလုပ်ကြိုးစားချင်စိတ်ရှိအောင် လုပ်ပေးနိုင်သူပါ” လို့ မာလာစီယာကဆိုပါတယ်။ ဗန်ပါစီနဲ့ပတ်သက်လို့လည်း မာလာစီယာက “ကျနော် ယူနိုက်တက်ကို အမြဲတမ်း လိုက်ကြည့်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖီယင်နုမှာ ကစားဖူးတဲ့ ဗန်ပါစီကြောင့်ပါ”
“ကျနော် ဖီယင်နုလူငယ်အသင်းနဲ့အတူ ယူနိုက်တက် လူငယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတုန်းက တနေ့နေ့ကျ ဒီကိုပြန်လာဖို့ ပြောခဲ့ပြီး အခုတော့ ဒါတွေက အံ့အားသင့်ဖွယ်ကောင်းအောင် တကယ်ဖြစ်လာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။