ဒီကနေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာလည်း ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ တန်ဟက်ခ်အတွက် ယူနိုက်တက်နည်းပြဘဝ အဖွင့်ပွဲ (၃) ပွဲမှာ (၃) ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမတိုင်ခင်က လီဗာပူးကို ၄-၀ ဂိုး၊ မဲလ်ဘုန်းဗစ်ထရီကို ၄-၁ ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းပြပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့တာပါ။
ယူနိုက်တက် ကစားသမားတွေရဲ့ လှုပ်ရှားမှု၊ ကစားကွက်အဆင့်ဆင့်တည်ဆောက်မှု၊ ဖန်တီးမှုစွမ်းရည်၊ အဆုံးသတ်စွမ်းရည်နဲ့ ယုံကြည်မှုတွေကလည်း တပွဲထက် တပွဲ ပိုမိုတိုးတက်လာခဲ့ပါတယ်။ အခုပွဲမှာလည်း မာရှယ်လ်က ဒါလော့ရဲ့ဖြတ်တင်ဘောကို ရင်ဘတ်နဲ့တချက်ထိန်း၊ မြေမကျဘဲ လှလှပပကန်သွင်းပြီး အဖွင့်ဂိုးယူပေးခဲ့ပါတယ်။
ဒါ့အပြင် ဒီပွဲမှာ အဓိကပြောစရာရှိခဲ့တာက ယူနိုက်တက်တို့ရရှိခဲ့တဲ့ ဒုတိယမြောက်ဂိုးပါ။ မာရှယ်လ်ရဲ့ သေသပ်လှပတဲ့ ဘောလုံးအထိန်းအသိမ်း၊ ဆန်ချို မာရှယ်လ်၊ ဗန်ဒီဘိခ်တို့ရဲ့ လှပတဲ့တွဲလုံးကတဆင့် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ရပ်ရှ်ဖို့ဒ်က လွတ်လွတ်ကျွတ်ကျွတ် အဆုံးသတ်ခွင့်ရရှိခဲ့တာပါ။ ဆန်ချိုခြေထောက်ထဲမှာ ဘောလုံးရှိတည်းက ဒီဘောလုံးကို ဗန်ဒီဘိခ်ဆီ ပေးမယ်ထင်ခဲ့ကြပါတယ်။
ဒါပေမယ့် ဆန်ချိုက ဧရိယာထဲပြေးဝင်သွားတဲ့ မာရှယ်လ်ရဲ့ ပြေးလမ်းကြောင်းထဲကို ချပေးခဲ့ပြီး မာရှယ်လ်ရဲ့ ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့မှာ ဗန်ဒီဘိခ်ဆီ ပြန်ခင်းပေးခဲ့ပါတယ်။ ဗန်ဒီဘိခ်ကတဆင့် ရပ်ရှ်ဖို့ဒ်က လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့တာဖြစ်ပြီး ဒီဂိုးမှာ ခရစ္စတယ်ပဲလေ့စ် ခံစစ်တန်းတခုလုံး ပြိုကျခဲ့ရသလို ဂိုးသမားလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ပရိသတ်တွေကတော့ “ပရီးမီးယားလိဂ်က တန်ဟက်ခ်ဘောကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ ငါတို့ ယူနိုက်တက် ပြန်လာပြီ” “ငါ့မှာရှိသမျှ အကုန်လောင်းကြေးထပ်ရဲတယ်၊ ငါတို့ လာမယ့်ရာသီ အများကြီးနိုင်မှာပဲ” “လျင်မြန်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားကွက်ပဲ။ ဒီအတိုင်းဆို ငါတို့ ရော်နယ်ဒိုကို မလိုအပ်တော့ပါဘူး” လို့ အမျိုးမျိုး မှတ်ချက်ပြုသုံးသပ်ခဲ့ကြပါတယ်။