မန်စီးတီးနဲ့ပွဲမှာ တန်ဟက်ခ်တယောက် အာပေါက်ခဲ့ရတာပါ။

ယူနိုက်တက်ရဲ့ တောင်ပံကစားသမား အန်တိုနီဟာ မန်စီးတီးကို ၆-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီ အဝေးကွင်းပွဲစဥ်မှာ နည်းပြ တန်ဟက်ခ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာခဲ့ခြင်းမရှိဘူးလို့ သိရှိရပါတယ်။ အန်တိုနီဟာ ဒီပွဲမှာ ယူနိုက်တက်တို့ ရရှိခဲ့တဲ့ ပထမဆုံးသွင်းဂိုးကို ဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းယူခဲ့တာပါ။



အန်တိုနီဟာ ယူနိုက်တက်ကိုရောက်လာပြီးနောက်ပိုင်း အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ပွဲမှာတော့ အန်တိုနီက သူ့ရဲ့နောက်မှာရှိနေတဲ့ ညာနောက်ခံလူ ဒါလော့ကို ကူညီဖို့ ပျက်ကွက်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ တန်ဟက်ခ်ဟာ အန်တိုနီကို ခံစစ်ဆင်းကူဖို့ အချိန်ပြည့် သတိပေးနေခဲ့ရတယ်လို့ သိရပါတယ်။

တန်ဟက်ခ်ဟာ ပွဲမစခင်တည်းက အန်တိုနီကို ဒီအချက်နဲ့ပတ်သက်လို့ မှာကြားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ကွင်းအတွင်းမှာ နည်းပြရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ ဒါလော့ကို ကူညီဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒါလော့ကလည်း ပွဲအစ တမိနစ်ကျော်မှာတင် ဂရီလစ်ရှ်ကို ပြစ်ဒဏ်ကျူးလွန်မိတာကြောင့် စောစောစီးစီး အဝါကတ်ထိခဲ့ပြီး ကစားရကျပ်သွားခဲ့ပါတယ်။

ဒါ့အပြင် ဘယ်နောက်ခံလူ မာလာစီယာလည်း ရပ်ရှ်ဖို့ဒ်ရဲ့အမှားကတဆင့် ဘောလုံးရသွားတဲ့ ဖိုဒန်ကို နောက်ကနေ တားဆီးခဲ့တာကြောင့် ပထမပိုင်းမှာတင် အဝါကတ်ထိခဲ့ပြီး ယူနိုက်တက်ရဲ့ ခံစစ်တောင်ပံနှစ်ဖက်ကို မန်စီးတီးက စိတ်တိုင်းကျဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ အန်တိုနီအပြင် ဆန်ချိုကလည်း မာလာစီယာကို ပထမပိုင်းမှာ ခံစစ်လိုက်ပါကူညီပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်ဂန္တဝင်ဟောင်း ပေါလ်စခိုးလ်ကလည်း မန်ချက်စတာဒါဘီပွဲအပြီးမှာ ရိုင်ယန်ဂစ်နဲ့ဒေးဗစ်ဘက်ခမ်းတို့ပုံကို အင်စတာဂရမ်မှာတင်ပြီး “နောက်ခံအစွန်လူတွေကို ကူညီပေးနေကျ တောင်ပံကစားသမားတွေကို တယောက်ယောက်များ မှတ်မိဦးမလား” လို့ ရေးသားကာ ဆန်ချိုနဲ့အန်တိုနီတို့နှစ်ယောက်ကို သွယ်ဝိုက်ဝေဖန်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က