ဆိုလန်ကီကို ယယ်ရီမီနာက ကိုက်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နောက်ခံလူ ယယ်ရီမီနာဟာ မနေ့ညက ဘုန်းမောက်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက် ကစားသမားနဲ့ အချင်းများရင်း ဆိုလန်ကီကို ကိုက်ခဲ့တာကို ရုပ်သံမြင်ကွင်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲက အဲဗာတန်အတွက် တန်းမဆင်းရရေး သေရေးရှင်ရေးတစ်မျှ အရေးပါခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။



ဒီပွဲမှာ အဲဗာတန်အတွက် တစ်လုံးတည်းသောသွင်းဂိုးကို ကွင်းလယ်လူ ဒူကူရီက သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ တန်းကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးရပြီးနောက်ပိုင်း အဲဗာတန်တို့ ဂိုးပြန်မပေးရရေး အချို့အချိန်တွေမှာ အကြိတ်အနယ်ကစားခဲ့ရပြီး ဆိုလန်ကီနဲ့ အဓိကဦးတည် ပြဿနာတက်ခဲ့ကြတာပါ။

ဆိုလန်ကီဟာ ဘောလုံးယှဥ်လုရင်း လဲသွားချိန်မှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ခြေထောက်ကိုပါ ဆွဲလှဲခဲ့တာကြောင့် ဒီပြဿနာက အစပြုခဲ့တာပါ။ ပစ်ဖို့ဒ်နဲ့ အချင်းများနေတဲ့ ဆိုလန်ကီကို အဲဗာတန် နောက်ခံလူ တာကောစကီးကလည်း ကြားဝင်ပြဿနာရှာခဲ့ပြီး နှစ်ဖက်ကစားသမားတွေအကြား ဆက်လက်အချင်းများခဲ့ကြပါတယ်။ ဒီလိုအချိန်မှာပဲ ယယ်ရီမီနာက ဆိုလန်ကီကို ကိုက်ခဲ့တာဖြစ်ပါတယ်။

ယယ်ရီမီနာဟာ ဆိုလန်ကီရဲ့ အင်္ကျီကိုဆွဲကာ လည်ပင်းနားတစ်ဝိုက်ကို ကိုက်ခဲ့ပြီး ဒီဖြစ်ရပ်အတွက် ဆိုလန်ကီက သူ့ရဲ့ဒဏ်ရာကို ပြသပြီး ကွင်းလယ်ဒိုင်ကို ပြသခဲ့ပါတယ်။ အဲ့ဒီနောက် ကွင်းလယ်ဒိုင် စတူးအာတ်အတ်ဝဲလ်က VAR ပြန်ကြည့်ခဲ့ပေမယ့် ပွဲကို ပုံမှန်အတိုင်း ဆက်ကစားစေခဲ့ပါတယ်။ ဒီပြဿနာမှာ ပစ်ဖို့ဒ်၊ ဆိုလန်ကီတို့ အဝါကတ်ထိခဲ့ပေမယ့် ယယ်ရီမီနာကတော့ ပြစ်ဒဏ်တစ်စုံတစ်ရာ သတ်မှတ်ခံခဲ့ရခြင်း မရှိပါဘူး။

ယယ်ရီမီနာရဲ့ အခုဖြစ်ရပ်က တစ်ချိန်တုန်းက လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ရဲ့ ဖြစ်ရပ်ကို အမှတ်ရစေခဲ့ပါတယ်။ ဆွာရက်ဇ်ကလည်း ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတုန်းက ပြိုင်ဘက် နောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ လက်မောင်းကို အခုလို ပုံစံတူ အနေအထားမျိုးနဲ့ ကိုက်ခဲ့ဖူးပြီး (၁၀) ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က