ပေါ်တူဂီနဲ့ ရီးရဲလ်မက်ဒရစ် ဘယ်ခံစစ်အစွန်ကစားသမားဟောင်း ဖေဘီယိုကွန်ထရာအိုဟာ ကစားသမားဘ၀က အနားယူခဲ့ပြီးချိန်မှာတော့ တံငါသည်တဦးအဖြစ်နဲ့ ဖြတ်သန်းနေတယ်လို့ သိရပါတယ်။ ရီးရဲလ်နဲ့ ပေါ်တူဂီမှာ ရော်နယ်ဒိုရဲ့ သူငယ်ချင်းလည်းဖြစ်၊ အသင်းဖော်လည်းဖြစ်ခဲ့တဲ့ ဒီကစားသမားက အခုမှ အသက် ၃၃ နှစ်သာရှိသေးပေမယ့် ကစားသမားဘ၀ကို စောစီးစွာစွန့်လွှတ်ခဲ့တာလည်းဖြစ်ပါတယ်။
အနားမယူခင် စပို့တင်းလစ္စဘွန်းမှာကစားခဲ့သေးတဲ့ ကွန်ထရာအိုက ငယ်ဘ၀ကလပ် ရီယိုအေဗီမှာ နောက်ဆုံးကစားပြီးအနားယူခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ကွန်ထရာအိုဟာ ဝါသနာပါရင် ငါးဖမ်းသမားဘ၀ကို ပျော်မွေ့နေပြီး ကစားသမားဘ၀မှာ ဝယ်ယူခဲ့တဲ့ ငါးဖမ်းလှေတစီးနဲ့ စီးပွားဖြစ်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။
သူ့ရဲ့ ငါးဖမ်းလှေဟာ အခြားသောငါးဖမ်းလှေက ငါးဖမ်းသမား ၁၅ ဦးရဲ့ အသက်ကိုလည်း ကယ်တင်ပေးခဲ့ဖူးတယ်လို့ သိရပြီး ဒီလိုဘ၀မှာ ကွန်ထရာအိုက ပျော်မွေ့နေပြီလည်းဖြစ်ပါတယ်။ "ပင်လယ်လုပ်သားတွေဆိုတာ ဘာများရှက်စရာရှိလို့လဲ၊ လူတွေထင်နေသလိုမျိုး မဟုတ်ပါဘူး၊ တခြားအလုပ်တွေလိုပဲ သူလည်း အလုပ်တခုပါပဲ၊ ဒါတင်မကသေးပါဘူး၊ ပင်လယ်ကြီးက လှပလို့ ကျနော်တို့အတွက် လိုအပ်ပါတယ်"
"ပင်လယ်ကိုချစ်တဲ့သူတွေ၊ ပင်လယ်ပြင်အတွေ့အကြုံရယူချင်တဲ့သူတွေအတွက်တော့ သူတို့ရဲ့အိပ်မက်နောက်ကို လိုက်သင့်ပါတယ်၊ အနာဂတ်မျိုးဆက်သစ်တွေအတွက်လည်း ဒါက အလုပ်တခုပါ၊ ကျနော့်အဖေမှာ လှေတစီးရှိခဲ့တယ်၊ သူ ငါးသွားဖမ်းတိုင်းအသုံးပြုြီး ကလေးဘ၀မှာကတည်းက ကျနော်လည်း လိုက်သွားလေ့ရှိပါတယ်၊ ကျနော့်ဘ၀က ပင်လယ်ထဲမှာပါ"
"ကစားသမားဘ၀က တနေ့ပြီးဆုံးမှာပဲလေ၊ ဒီအတွက် ကျနော့်ဘ၀ကို လမ်းကြောင်းသစ်တခုဆီ ဦးတည်သင့်တယ်ဆိုတာ သိပါတယ်။ ကျနော့်ရဲ့ ပျော်ရွှင်မှုက ငါးဖမ်းလှေဖြစ်ပြီး ဒါက ကျွန်တော်နေထိုင်ချင်တဲ့ ဘ၀ပါ" လို့ ကွန်ထရာအိုက ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟောင်းဟာ မိုနာကိုမှာလည်း အငှားနဲ့ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက် ပွဲပေါင်းတရာကျော်ကစားပေးခဲ့ပါတယ်။