ရွှေဘိုသူ ထမင်းဆိုင်လို့ ဆိုတဲ့အတိုင်း တန်ဖိုးနည်း ၅၀၀ ကျပ်တန်ထမင်းဆိုင်လေးအတွက် အဓိက ဆန်ကိုရွှေဘိုပေါ်ဆန်းမွှေး ဆန်နဲ့သာချက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါဘေးတွေကြောင့် အဆင်မပြေမှုတွေ မျိုးစုံ ကြုံနေရချိန်မှာ ပဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအတော်များများ နလန်မထူနိုင်တဲ့ အခြေအနေတွေ ကြုံခဲ့ရပြီပဲဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ပြည်သူတွေ ထမင်းတစ်နပ်စာအဆင်ပြေစေဖို့ ရည်ရွယ်ချက်နဲ့ စေတနာရှင်တွေက တန်ဖိုးနည်းထမင်းဆိုင်လေးတွေဖွင့်လှစ်ပြီး ရောင်းချပေးနေကြတာကလည်း ပီတိဖြစ်စရာပါ။ ဒီတစ်ခေါက် Duwun က ‌မြောက်ဥက္ကလာပမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ရွှေဘိုသူ အဝစား ၅၀၀ တန်ထမင်းဆိုင်လေးအကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။



လှုဒါန်းချင်တဲ့စိတ်တစ်ခုတည်းနဲ့ဖြစ်လာတဲ့ ရွှေဘိုသူ အဝစား ၅၀၀ တန်ထမင်းဆိုင်လေး

Photo: Win Lwin

ထမင်းဆိုင်ပိုင်ရှင် ဒေါ်စောယုနွယ်ဟာ အရင်ကတည်းက အလှူအတန်းရက်ရောသူတစ်ဦးဖြစ်ပြီး ဆန်တွေ ဝေတာ၊ ထမင်းဘူးတွေ ဝေတာ၊ ဆေးရုံကြီးတွေမှာ ကြက်သားဆန်ပြုတ်ဝေတာ စတဲ့အလှူတွေကို အရင်ကတည်း လုပ်ခဲ့သူဖြစ်ပါတယ်။ အခုလို ၅၀၀ တန် ထမင်းဆိုင်လေးဖွင့်ဖို့ စိတ်ကူးရခဲ့တာကတော့ လူမှုကွန်ရက်ပေါ်မှာ ကိုနေသူရိန်ရောင်းတဲ့ ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေးကြောင့်ဖြစ်ပါတယ်။


“ စတုဒီသာ ကျွေးဖို့ သဘောမျိုးကလည်း ရေရှည်မလုပ်ပေးနိုင်မှာစိုးရိမ်တယ်ပေါ့နော်။ အဲဒါနဲ့လိုင်းပေါ်မှာ ဇလုံထမင်းဆိုင်လေးဖွင့်တာတွေ့တော့ ဒီလိုမျိုးလေး လုပ်လို့ရတာပဲဆိုပြီး စိတ်ကူးရခဲ့တာပါ။ ဒီလိုနဲ့ ထမင်းဆိုင်လေးဖြစ်လာဖို့ မတည်လိုက်တယ်။ စားသုံးသူတွေဆီက ၅၀၀ ပြန်ရတယ်ဆိုလည်း ဒါလေးနဲ့ ရှေ့ဆက်သွားနိုင်ဖို့ အထောက်အကူပြုနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ လိုင်းပေါ်တင်လိုက်တော့ အလှူရှင်တွေ ဝိုင်းပြီးမတည်ကြတော့ စလုပ်ဖြစ်သွားတာပါ။” လို့ ထမင်းဆိုင်ပိုင်ရှင် ဒေါ်စောယုနွယ်က Duwun ကိုပြောပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်စုံတဲ့ ၅၀၀ တန်ထမင်းဆိုင်လေး

Photo: Win Lwin

ရွှေဘိုသူ ထမင်းဆိုင်လို့ ဆိုတဲ့အတိုင်း တန်ဖိုးနည်း ၅၀၀ ကျပ်တန်ထမင်းဆိုင်လေးအတွက် အဓိက ဆန်ကိုရွှေဘိုပေါ်ဆန်းမွှေး ဆန်နဲ့သာချက်ပါတယ်။ ဒါတင်မကသေးဘဲ ဟင်းချက်ရာမှာ ကိုယ်တိုင်ကြိတ်တဲ့ ဓာတုကင်းစင်ပြီး သဘာဝအရောင် အနံ့ အရသာပါတဲ့ မြေပဲဆီ၊ ဟင်းခတ်အရသာတွေကိုလည်း သဘာဝမျှင်ငပိ၊ သဘာဝ ငါးနီတူ ငံပြာရည်ကိုသာ အသုံးပြုတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ဆက်လက်အသက်ရှင်နိုင်ဖို့ ထမင်းတစ်နပ်ဟာ အရေးကြီးလှတာကြောင့် အာဟာရပြည့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းတစ်နပ်ဖြစ်အောင် စီစဥ်ထားတယ်လို့ သိရပါတယ်။ အဓိကကတော့ ရဟန်းသံဃာတွေ၊ အသက်ကြီးသူတွေ၊ ရောဂါဝေဒနာရှင်တွေအထိ စားနိုင်အောင် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တန်ဖိုးနည်းပေမယ့် ထမင်းမြိန်စေတဲ့ ၅၀၀ တန် ထမင်းဆိုင်လေး

Photo: Win Lwin

ဒီထမင်းဆိုင်လေးကို ကိုယ့်မိသားစုနဲ့ တစ်ပိုင်တစ်နိုင်လေး လုပ်တာဖြစ်တဲ့အတွက် ထမင်းဆိုင်ကြီးကြီးတွေလို ဟင်းမျိုးစုံတော့ မရနိုင်ပါဘူး။ တစ်ရက်စာ အစားအသောက်စာရင်းကိုတော့ မထပ်အောင် စီစဥ်ရပါတယ်။ အသားဟင်းတစ်ခွက်၊ အရည်သောက်တစ်ခွက်၊ ငါးပိနဲ့ တို့စရာ တို့ကို တစ်ရက်တစ်ရက်နဲ့ မတူအောင် ရောင်းချပေးနေတာဖြစ်ပါတယ်။ရွှေဘိုဆန် ထမင်းကော့ကော့လေးနဲ့ အသားဟင်း၊ ငါးပိ၊ တို့စရာနဲ့ အရည်သောက်ဟင်းချိုလေးတို့နဲ့ တွဲဖက်စားသုံးရတာကလည်း ထမင်းမြိန်စရာလေးဖြစ်နေပါတယ်။

၅၀၀ တန်ထမင်းဆိုင်လေးကြောင့် ရလာတဲ့ ပီတီ

Photo: Win Lwin

အခုလို ခက်ခဲနေတဲ့အချိန်ကာလလေးမှာ ဒီလိုတန်ဖိုးနည်းထမင်းဆိုင်လေးက အခြေခံလူတန်းစားတွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီ ၅၀၀ တန်ထမင်းဆိုင်လေးမှာဆိုရင် ထမင်းတနပ်စာအတွက် အခက်အခဲဖြစ်နေသူတွေ၊ အသက်အရွယ်ကြီးရင့်ပြီး မိသားစုအတွက် ရုန်းကန်နေရသူတွေ၊ နေပူမိုးခါးထဲ ဝမ်းစာရှာနေရသူတွေ တကယ်ကို လိုအပ်နေတဲ့သူတွေ လာရောက်စားသုံးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။“ကိုယ်ပေးလိုက်တဲ့ထမင်းတစ်နပ်လေးက သူတို့အတွက် တစ်ရက်တာအသက်ရှင်ခွင့်ကို အထောက်အကူပြုမယ်ဆို လုပ်ရကျိုးနပ်ပါတယ်။ စစဖွင့်တဲ့နေ့တွေက တစ်ရက်ကို လူအယောက် ၂၅၀ လောက်လာစားတယ်။ အခုနောက်ပိုင်းမှာတော့ တစ်နေ့ကို လူအယောက် ၄၀၀ လောက် လာရောက်စားသုံးကြတယ်။ အခုလာစားတဲ့သူတွေကို ကြည့်ခြင်းအားဖြင့် ဒါကို လုပ်သင့်တယ် ဆုံးဖြတ်ချက်မှန်တယ်လို့ ခံယူပါတယ်။ ” လို့ ဆိုင်ရှင် ဒေါ်စောယုနွယ်ကပြောပါတယ်။

ရှေ့ဆက်ရှိနေဦးမယ့် ၅၀၀ တန်ထမင်းဆိုင်လေး

Photo: Win Lwin

ရွှေဘိုသူ ၅၀၀ တန်ထမင်းဆိုင်လေးဟာ လက်ရှိမှာလည်း အလှူရှင်တွေက စိတ်ဝင်တစားရှိနေပြီး ဆက်တိုက် လာရောက် လှုဒါန်းမှုတွေ ရှိနေကြပါတယ်။ “ ဒီ ၅၀၀ မထည့်တဲ့သူများလေ အန်တီက ပိုကြိုက်လေပဲ။ ဘာလို့လဲဆို အခုဆို အန်တီ့ကို ဝိုင်းအားပေးကြတဲ့ အလှူရှင်တွေက စတုဒီသာကျွေးလို့ ရနိုင်တဲ့အနေအထားပါ။ အခုဆို အလှူငွေတွေ ဆက်တိုက်ရလာတော့ နှစ်လစာလောက် အဆင်သင့်ဖြစ်နေတော့ အလှုငွေတွေခဏရပ်ထားလိုက်တယ်။ ဒီ ၅၀၀ တန်ဆိုင်လေးက အခြေအနေအမျိုးမျိုးကြောင့် အလှူရှင်တွေ မရှိတဲ့အခါ ဆက်လက်ရပ်တည်နိုင်အောင် လုပ်သွားမှာပါ” လို့ ဆိုပါတယ်။

ရွှေဘိုသူ အဝစား ၅၀၀ တန်ထမင်းဆိုင်ကို လာရောက်စားသုံးမယ်ဆိုရင်တော့ မနက် ၁၁ နာရီကနေနေ့လယ် ၁ နာရီ အထိ ဖွင့်လှစ်ရောင်းချပေးနေတာပါတယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၅၂၉/၅၃၀ သုနဒ္ဒါ ပတ်လမ်းမ ပုလဲ (၃) လမ်းနဲ့ (၄) လမ်းကြား (ဌ) ရပ်ကွက် မြောက်ဥက္ကလာပ ကားကြီးဂိတ်မှတ်တိုင်အနီး မီးပွိုင့်နားဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က