တန်ဖိုးမြင့် Samsung ဖုန်းတွေမှာ Charger မပါဘဲ ရောင်းချလာပြီးနောက် အခုဆို Entry-Level ထုတ်ကုန်တွေဘက် ရောက်လာပြီလို့ သတင်းတွေ ထွက်နေပါတယ်။
ဥရောပဈေးကွက်ထဲက မိုဘိုင်းလ်လက်လီအရောင်းဌာနတွေကတော့ ဈေးသက်သာတဲ့ Samsung ဖုန်းတွေမှာလည်း ဗူးထဲ Charger ထည့်မပေးဘဲ ရောင်းလာဖို့ ရှိတယ်လို့ ပြောနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် Galaxy S21 စီးရီးက စပြီး Samsung ဟာ ဖုန်းဗူးတွေထဲမှာ Charger ထည့်သွင်းမှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်လာခဲ့တာပါ။
Apple ဖောက်တဲ့လမ်းအတိုင်း Samsung အပါအဝင် ဖုန်းကုမ္ပဏီအတော်များများဟာ နားကြပ်ဖြုတ်တာ ၊ microSD Card Slot မထည့်တာ ၊ notch သုံးတာနဲ့ ဖုန်းဝယ်ရင် Charger ထည့်မပေးတာမျိုးကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ iPhone က စလိုက်တဲ့ ထူးထူးခြားခြား ကိုးရိုးကားယား အပြောင်းအလဲတွေကို ထွက်ထွက်ချင်း ဝေဖန်လှောင်ပြောင်မှုတွေ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ iPhone စတိုင် အဖြုတ်လိုင်းကို လိုက်လာတာပါ။
ဖုန်းဗူးတွေမှာ Charger နဲ့ နားကြပ် ထည့်မပေးတဲ့ ကိစ္စကို သဘာဝပတ်ဝန်းကျင်အကျိုးအတွက်လို့ ဆိုပေမယ့် Charger ကို ဗူးသေးသေးလေးတွေနဲ့ သီးသန့် ထပ်ဝယ်ရတဲ့ ကိစ္စကလည်း စွန့်ပစ်အမှိုက်တွေ ပိုထွက်လာပြီး ကုမ္ပဏီအနေနဲ့လည်း သီးသန့် Charger ရောင်းအားကနေ အကျိုးအမြတ်ရနေကြပါတယ်။ အစောပိုင်းက Galaxy Flagship ဖုန်းတွေမှာပဲ Charger ထည့်မပေးဘူးလို့ ယူဆခဲ့ပေမယ့် အခုတော့ Galaxy A Series ၊ M Series တို့လို တန်ဖိုးသင့်ထုတ်ကုန်တွေမှာလည်း အလားတူ လုပ်ဆောင်မှုတွေ ရှိလာနိုင်ပါတယ်။