နိုင်ငံရေးအကြပ်အတည်းကာလမှာ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပခြင်းမပြုလုပ်ကြတာပါ။

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလတိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ နိဗ္ဗာန်စျေးပွဲတော်တွေကို ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် မပြုလုပ်ဖြစ်တော့ဘူးလို့ သက်ဆိုင်ရာမြို့နယ်တွေအလိုက်သိရပါတယ်။

မနှစ်က တန်ဆောင်တိုင်ကာလမှာလည်း နိုင်ငံတွင်းကိုဗစ်ကူးစက်မှုတွေမြင့်တက်နေတဲ့ကာလဖြစ်တာကြောင့် လူစည်ကားရာပွဲတော်တွေကို မကျင်းပနိုင်ခဲ့ကြသလို ဒီနှစ်မှာလည်း ဒေသအလိုက် တန်ဆောင်တိုင်ပွဲ​တော်တွေ ကျင်းပခွင့်မရကြတာ (၂)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

“ အခုထိတော့ လုပ်မယ်ဘာညာမကြားဘူး။ ဘာအစီအစဉ်မှလည်းမရှိကြဘူး။ အရင်နှစ်တွေကတော့ ဒီချိန်ဆို အလှူရှင်အိမ်တွေ နာမည်စာရင်းကောက်နေပြီ။ ၂၀၁၉ ထိတော့ စည်စည်ကားကားလုပ်တယ်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက်ကို နိဗ္ဗာန်စျေးပွဲတော်တွေလုပ်ကြတာ။ ဒါကလည်း ရိုးရာပွဲတော်တစ်ခုလိုပဲလေ။ ဘာရယ်မဟုတ်ဘူး အလှူရှင်တွေက ကျွေးသလို စားသုံးတဲ့သူတွေကလည်း တိုးဝှေ့စားသောက်ရတာကိုက ပျော်စရာလိုဖြစ်နေတာ။ မနှစ်ကတော့ ကိုဗစ်ကြောင့်မလုပ်တာ။ ဒီနှစ်ကတော့ နိုင်ငံရေးပေါ့။ ဒီလိုကာလမှာ အခုလိုပျော်ပွဲရွှင်ပွဲတွေမလုပ်ကြတာကိုပဲ ပျော်ပါတယ်”လို့ တောင်ဒဂုံမှာနေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။ 

ဒီနှစ်တန်ဆောင်တိုင်မှာ ပျော်ပွဲရွှင်ပွဲနဲ့ နိဗ္ဗာန်စျေးပွဲတော်တွေကို မလုပ်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာထုံးထမ်းအစဉ်အလာအရ ကထိန်ပွဲတော်တွေကိုတော့ အကျဥ်းချုံးကျင်းပနေပါတယ်။

ကထိန်ပွဲတွေကို ပုံမှန်နှစ်တွေကလို အဆို၊အက၊အတီး၊အမှုတ်တွေနဲ့ မြို့တွင်း စည်စည်ကားကားနဲ့လှည့်လည်ကျင်းပတာမျိုးမလုပ်ကြဘဲ အစဉ်အလာအရသာ ရပ်ကွက်အလိုက် အလှူခံပြီးသလုပ်ကြတာကို မြင်တွေ့ရပါတယ်။

“ တန်ဆောင်တိုင်ကတေ့ ဘာနိဗ္ဗာန်စျေးပွဲတော်မှမရှိဘူး။ ပျော်ပွဲရွှင်ပွဲတွေလည်းမရှိဘူးလေ။ နိုင်ငံရေးမှမကောင်းတာ။ အရင်နှစ်တွေကတော့ ထုံးစံအတိုင်းကျင်းပကြတယ်။ မနှစ်ကစပြီးမလုပ်ဖြစ်တာ။ ကထိန်ကတော့မဖြစ်မနေလုပ်ကြတာရှိပါတယ်။ ရပ်ကွက်ထဲမှာပဲ အလှူခံ မဏ္ဍပ်လေးထိုးပြီး အလှူခံလုပ်ကြတာ။ တန်ဆောင်တိုင်ကတော့ နိဗ္ဗာန်စျေးပွဲတော်လိုမျိုးတော့မရှိဘူး တချို့အိမ်တွေ စတုဒီတာကျွေးတာမျိုးတွေလည်းရှိချင်ရှိမှာပေါ့”လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေစုပေါင်းပြီး ဒီနှစ်တန်ဆောင်တိုင်မှာ စတုဒီတာအလှူနဲ့စျေးရောင်းပွဲတော်ကို ကန်တော်ကြီးမျှော်စင်ကျွန်းရှေ့ ကန်သာယာစင်တာမှာ နိုဝင်ဘာလ (၁၆)ရက်နေ (၂၁)ရက်နေ့ ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း မတည်ငြိမ်မှုတွေကြောင့် အစီအစဉ် ဖျက်လိုက်ရပါတယ်။

“ အဲဒီပွဲက မလုပ်ဖြစ်တော့ဘူး။ စီစဉ်ထားပေးမယ့် အခုအခြေအနေတွေအရ လုပ်ဖို့မသင့်လို့ပါ။ နောက်အခြေအနေတည်ငြိမ်ခါမှ ဒီဇင်ဘာလလောက်ထဲမှ ပြန်ပြီးစီစဉ်ပါမယ်” လို့ ပွဲစီစဉ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လာမယ့် နိုဝင်ဘာလ (၁၇)ရက်နဲ့ (၁၈)ရက်နေ့က တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်ပြီး ပုံမှန်အချိန်တွေမှာဆိုရင် ခရီးသွားလာကြသူတွေရှိသလို ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာ စတုဒီသာအလှူတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားတဲ့အချိန် ဖြစ်ပါတယ်။


Share

Loading Next Article...
က္က