မနေ့ညက ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဥ်တွေအပြီးမှာတော့ လက်စတာနဲ့ လိဒ်စ်ယူနိုက်တက်တို့ တန်းဆင်းခဲ့ရပြီး အဲဗာတန်ကတော့ အိမ်ကွင်းမှာ ဘုန်းမောက်ကို အနိုင်ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ တန်းကျန်ရစ်ခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ စောစောစီးစီး တန်းဆင်းခဲ့ရတာဖြစ်ပြီး လက်ကျန်နှစ်နေရာက ပွဲစဥ် (၃၈) အထိ စောင့်ကြည့်ခဲ့ရတာပါ။
အဲဗာတန်၊ လက်စတာ၊ လိဒ်စ်တို့ အပြိုင်ရုန်းခဲ့ရပြီး ဒီအထဲမှာ လိဒ်စ်က တန်းကျန်ရစ်နိုင်ခြေ အနည်းဆုံးဖြစ်ခဲ့သလို အိမ်ကွင်းမှာလည်း စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲမပြီးခင်ကတည်းက တန်းဆင်းရဖို့ သေချာခဲ့ပါတယ်။ ပထမပိုင်းမှာ လက်စတာက ဝက်စ်ဟမ်းကိုနိုင်၊ အဲဗာတန်က ဘုန်းမောက်ကို သရေကျနေတာကြောင့် အဲဗာတန်တို့ တန်းဆင်းဇုန်ထဲ ရောက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ အဲဗာတန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဒူကူရီက ဧရိယာအပြင်ဘက်ကနေ လှလှပပ ကန်သွင်းယူခဲ့တာကြောင့် လက်စတာတို့ တန်းဆင်းဇုန်ထဲ ပြန်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း အဲဗာတန်က အမှားအယွင်းမရှိခဲ့ဘဲ ကိုယ့်အလုပ်ကိုယ် လုပ်သွားခဲ့တာကြောင့် အဲဗာတန်တို့ အဆင့် (၁၇) နေရာနဲ့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်ခွင့်ရခဲ့တာပါ။
လက်စတာကတော့ အဆင့် (၁၈)၊ လိဒ်စ်က အဆင့် (၁၉)၊ ဆောက်သမ်တန်က အဆင့် (၂၀) နဲ့ တန်းဆင်းခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြောစရာတစ်ချက်က လက်စတာ၊ လိဒ်စ်တို့ရဲ့ ဂိုးသွင်းအားက ဒီရာသီမှာ နာမည်ကြီး ချဲလ်ဆီးထက် ပိုမိုကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၃၈) ပွဲကစား၊ (၃၈) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှ တစ်ဂိုးသာ ရရှိခဲ့ပါတယ်။
ဒါပေမယ့် တန်းဆင်းသွားတဲ့ လက်စတာက သွင်းဂိုး (၅၁) ဂိုး ရရှိခဲ့သလို လိဒ်စ်ကလည်း (၄၈) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အခြားသောပရိသတ်တွေအတွက်တော့ ဒီအချက်က ဟာသလုပ်စရာဖြစ်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေအနေနဲ့လည်း သူတို့ရဲ့ ပြောစကားအတိုင်း ရာသီကုန်သွားတာကိုပဲ ဝမ်းသာရတော့မယ့် အနေအထားမျိုး ဖြစ်နေခဲ့ပါတယ်။