သူ့အသင်းရင်ဆိုင်နေရတဲ့အခြေအနေတွေကို ဟာသလုပ်ပြောသွားခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းဟာ ဘဏ္ဍာရေးမျှတစွာကစားရေး စည်းမျဉ်းကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ အရေးယူအပြစ်ပေးမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ချမှတ်ခံရနိုင်တဲ့ ပြစ်ဒဏ်တွေအဖြစ် အမှတ်လျှော့ခံရတာ၊ တန်းဆင်းရတာတွေ ပါဝင်နေပြီး ဂွာဒီယိုလာကတော့ သူ့အသင်းတန်းဆင်းရမယ်ဆိုရင် ဂန္ထဝင်ကစားသမား ၂ ဦးကို ခေါ်ယူပြီး ဖြေရှင်းသွားမယ်လို့ ဟာသလုပ်ခဲ့ပါတယ်။ 

တန်းဆင်းရမယ့် အရေးနဲ့ပါ ရင်ဆိုင်နေရတာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာက "ကျနော်တို့ အောက်တန်းလိဂ်တွေကို ဆင်းကန်ရမယ်ဆိုရင်လည်း ပြသနာမရှိပါဘူး၊ အဲဒီနေရာကို အရင်က ကျနော်တို့ရောက်ဖူးပါတယ်၊ ပေါလ်ဒစ်ကော့ဗ်နဲ့ မိုက်ခ်ဆမ်မားဘီးတို့ကို ပြန်ခေါ်ပြီး ကောင်းမွန်တဲ့ လုပ်ငန်းစဉ်တခုလုပ်ပါမယ်၊ ကျနော်တို့ တန်းပြန်တက်နိုင်မှာ သေချာပါတယ်" လို့ ဂွာဒီယိုလာက အရွှန်းဖောက်ခဲ့ပါတယ်။ 

ဒစ်ကော့ဗ်ကတော့ မန်စီးတီးအတွက် နှစ်ကြိမ်တိုင်တိုင် ကစားပေးခဲ့ပြီး ၆ နှစ်တာ အသင်းမှာရှိခဲ့သူပါ။ လက်ရှိမှာ သူ့အသက်က ၅၀ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဆမ်းမားဘီးကတော့ အသက် ၈၀ အရွယ်ရှိနေပြီဖြစ်ကာ မန်စီးတီးအတွက် ၁၀ နှစ်ကျော်ကြာ ကစားပေးခဲ့ပြီး အသင်းဂန္ထဝင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ 

လက်ရှိမန်စီးတီးရင်ဆိုင်နေရတဲ့ အဖြစ်လိုမျိုးကို ကျန် ပရီးမီးယားလိဂ်အသင်း ၁၉ သင်းလည်း ရင်ဆိုင်ရနိုင်တယ်လို့ ဂွာဒီယိုလာက သတိပေးခဲ့ပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ မန်စီးတီးကတော့ ဘယ်လိုအမှားမှမကျူးလွန်ထားဘဲ ဒီလိုစွပ်စွဲခံထားရတာကို ကာကွယ်သွားဖို့လည်း ဆောင်ရွက်နေတယ်လို့ သတင်းစာရှင်းလင်းပွဲကတဆင့် ပြောဆိုခဲ့ပါတယ်။ 


"အနာဂတ်မှာ သတိထားကြပါ၊ ကျနော်တို့ စွပ်စွဲခံထားရသလိုပဲ စွပ်စွဲလို့ရတဲ့ အသင်းတော်တော်များများရှိပါတယ်" လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ မန်စီးတီးဟာ စည်းမျဉ်းချိုးဖောက်မှုပေါင်း ၁၀၀ ကျော်အထိ လုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က အချက်အလက်တွေနဲ့တကွ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က