လိဒ်စ်ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား ရာဖင်ညာဟာ မနေ့က ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ အနိုင်ရရှိပြီးနောက် တန်းဆင်းဇုန်က လွတ်မြောက်ခဲ့ပါတယ်။ ဒီပွဲမှာ လိဒ်စ်က အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
တချိန်တည်းကစားခဲ့တဲ့ ဘန်လေကလည်း ရှုံးပွဲတွေ့၊ လိဒ်စ်ကလည်း အဝေးကွင်းမှာ နိုင်ခဲ့တာကြောင့် လိဒ်စ်တို့ တန်းဆင်းဇုန်က လွတ်မြောက်ကာ ဘန်လေကတော့ နော့ဝစ်ချ်၊ ဝက်ဖို့ဒ်တို့နဲ့အတူ တန်းဆင်းသွားခဲ့ပါတယ်။ ဒီပွဲမှာ လိဒ်စ်အတွက် ဦးဆောင်ဂိုးတဂိုးကို ရာဖင်ညာက သူ့ကြောင့်ရတဲ့ ပင်နယ်တီကတဆင့် သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့တာပါ။
အဲ့ဒီနောက် ဘရန့်ဖို့ဒ်က ကာနို့စ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှသာ ဟာရီဆန်ရဲ့သွင်းဂိုးကြောင့် လိဒ်စ်တို့ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး နှစ်ဖက်ကစားသမားတွေ ကွင်းထဲက ထွက်ခွာသွားချိန်မှာတော့ ရာဖင်ညာတယောက် ထူးထူးဆန်းဆန်း အပြုအမူတခုကို ပြုလုပ်ခဲ့ပါတယ်။
ကွင်းဒီဘက်အခြမ်းကနေ အခြားဘက်အခြမ်း ဂိုးဧရိယာထဲအထိကို ရာဖင်ညာတယောက် ဒူးထောက်လျက်သား သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ တစုံတခုကို အရိုအသေပေးဟန်ပြုလုပ်ခဲ့ပါတယ်။ ရာဖင်ညာရဲ့ ဒီလိုအပြုအမူကတော့ ထူးဆန်းတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ပြီး အောင်ပွဲခံပုံရိပ်တခုအနေနဲ့ အချို့က ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တော့ ဒါက အောင်ပွဲခံတာ မဟုတ်ပါဘူး။
တောင်အမေရိကသားတယောက်ဖြစ်တဲ့ ရာဖင်ညာအတွက် ဒါက ဘုရားသခင်ကို ကျေးဇူးသိတတ်ကြောင်း ပြတဲ့ အမူအရာတခုဖြစ်တယ်လို့ သိရှိရပါတယ်။ တောင်အမေရိကဓလေ့ထုံးစံအရ မိမိပြည့်ဝလိုတဲ့ ဆန္ဒတခု ပြည့်မြောက်သွားချိန်မှာ အခု ရာဖင်ညာပြုလုပ်သလိုပုံစံမျိုးနဲ့ ဘုရားသခင်ကို ကျေးဇူးပြန်ဆပ်ရတာဖြစ်တယ်လို့ သိရပါတယ်။
လိဒ်စ်ဟာ ဘန်လေထက်တောင် တန်းဆင်းဖို့ ပိုမိုရေပန်းစားခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲစဥ်မှာတော့ အနိုင်ရရှိကာ အခုလိုပဲ တန်းဆင်းဇုန်ကနေ လွတ်မြောက်ခဲ့တာပါ။ ရာဖင်ညာတယောက် လိဒ်စ်နဲ့အတူ တန်းမဆင်းရဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့ပုံရပြီး ဆုတောင်းပြည့်ခဲ့တဲ့အတွက် အခုလိုမျိုးကျေးဇူးဆပ်ခဲ့တာလည်းဖြစ်ပါတယ်။