ယူနိုက်တက်ဟာ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ ယူရိုသန်း (၈၀) နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အေဂျက်စ်ဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အေဂျက်စ်ဟာ ဒီကစားသမားအတွက် ယူနိုက်တက်ဆီက ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အထိ အလိုရှိနေတာပါ။
အေဂျက်စ်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဟော်လာ၊ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကို ရောင်းချခဲ့ပြီးနောက် နောက်ထပ် အဓိက,ကစားသမားတွေကို ရောင်းချလိုခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း အေဂျက်စ်က သူတို့ရဲ့ နာမည်ကျော်ကြယ်ပွင့် အန်တိုနီအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၁၀၀) အထိ တိုးမြှင့်ခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်က အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) နဲ့ ကမ်းလှမ်းခဲ့ပြီး ဒီကမ်းလှမ်းမှုကို နယ်သာလန်ကလပ်ဘက်က ပယ်ချခဲ့တာကြောင့် အန်တိုနီက ဒီကနေ့သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ အေဂျက်စ်ရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ကြောင်း သိရှိရပါတယ်။ ပရိသတ်အချို့က အန်တိုနီအနေနဲ့ အသင်းပြောင်းဖို့ ဆန္ဒပြနေတယ်လို့ ယူဆနေကြပေမယ့် အေဂျက်စ်ဘက်ကတော့ အန်တိုနီ အခုလိုမျိုး လွဲချော်ခဲ့တဲ့အပေါ် တစုံတရာမှတ်ချက်ပေးထားခြင်းမရှိပါဘူး။
နာမည်ကျော်ဂျာနယ်လစ် ရိုမာနိုကတော့ ယူနိုက်တက်တို့ အန်တိုနီအတွက် အခုလိုမျိုး ပြန်လည်ကြိုးစားလာတာက ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့်ဖြစ်ကြောင်းဆိုပါတယ်။ အန်တိုနီဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် အေဂျက်စ်ရဲ့ နယ်သာလန်လိဂ်ပွဲကိုလည်း လွဲချော်နိုင်ဖွယ်ရှိပြီး ယူနိုက်တက်ဘက်ကတော့ ပီအက်စ်ဗွီကြယ်ပွင့် ဂတ်ပိုကိုလည်း စိတ်ဝင်စားနေကြောင်း ရိုမာနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကက်စ်မဲရိုးကို ခေါ်ယူခဲ့ပြီးနောက် စွယ်စုံရတိုက်စစ်ကစားသမားတယောက်၊ ညာနောက်ခံလူနဲ့ အရံဂိုးသမားနေရာတို့ကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး အန်တိုနီနဲ့ ဂတ်ပိုတို့က ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်နေတာလည်းဖြစ်ပါတယ်။