လီဗာပူးတို့ သရေတမှတ်နဲ့ကျေနပ်ခဲ့ရတာပါ။

လီဗာပူးက ဒီပွဲမှာ ဒါဝင်နူးနက်ဇ်ကို အရံခုံမှာပဲထားခဲ့ပြီး ဒုတိယပိုင်းမှ ထည့်သုံးခဲ့ပါတယ်။ တိုက်စစ်မှာ ဒီယက်ဇ်၊ ဖေမီနို၊ ဆာလာတို့ ပွဲထွက်ခဲ့ပြီး ကျန်တဲ့နေရာတွေမှာ အပြောင်းအလဲကြီးကြီးမားမားမရှိခဲ့ပါဘူး။ ဖူလ်ဟမ်ကလည်း မီထရိုဗစ်၊ ကီဘာနို၊ ပါလ်ဟင်ဟာ၊ ပါရဲရားတို့ကို အဓိကအမာခံထားပြီး ပွဲထုတ်ခဲ့ပါတယ်။ ပထမပိုင်းမှာ လီဗာပူးတို့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး ဖူလ်ဟမ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်း နည်းပါးခဲ့ပါတယ်။



ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးကို ညာနောက်ခံလူ တီတီရဲ့ ဖြတ်တင်ဘောကတဆင့် မီထရိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာ လီဗာပူး ညာနောက်ခံလူ အာနိုးလ်ရဲ့ အားနည်းချက်က ထင်ရှားခဲ့ပြီး ပရိသတ်တွေလည်း တော်တော်လေးကို ဝေဖန်ခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲက ပထမပိုင်းကထက် ပိုမိုကြည့်ကောင်းလာခဲ့ပါတယ်။

ဖူလ်ဟမ်ဘက်က တန်ပြန်တိုက်စစ်တွေကတဆင့် ခပ်သွက်သွက် ပြန်လည်ထိုးဖောက်ခဲ့သလို လီဗာပူးကလည်း ချေပဂိုးရဖို့ တိုက်စစ်ကို အရှိန်မြှင့်ခဲ့ပါတယ်။ ဒါဝင်နူးနက်ဇ် လူစားဝင်လာပြီးနောက်ပိုင်း အခွင့်အရေးတွေ ဆက်တိုက်ရရှိခဲ့ပြီး ဆာလာရဲ့ ဖန်တီးပေးမှုကနေတဆင့် နူးနက်ဇ်က နောက်ပေါက်နဲ့ လီဗာပူးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း မီထရိုဗစ်က ဗန်ဒိုက်ချ်ရဲ့ ဟန့်တားမှုကနေ ပါးပါးနပ်နပ်နဲ့ ပင်နယ်တီရယူခဲ့ပါတယ်။ ဒီပင်နယ်တီကိုလည်း မီထရိုဗစ်ကိုယ်တိုင်က ကန်သွင်းယူခဲ့ပြီး ဖူလ်ဟမ်တို့ နောက်ထပ် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူး ကွင်းလယ်နဲ့နောက်တန်း၊ နောက်တန်းက အာနိုးလ်နဲ့ မာတစ်ပ်တို့အကြား ဟာကွက်တွေမကြာခဏဖြစ်ပေါ်ခဲ့ပြီး ဖူလ်ဟမ်က ဒီအချက်တွေကို အပြည့်အဝ အသုံးချသွားပါတယ်။

နောက်ပိုင်းမှာ လီဗာပူးတို့ ချေပဂိုးရဖို့ ဆက်တိုက်တိုက်စစ်ဆင်ခဲ့ပြီး ဖူလ်ဟမ်နောက်တန်းရဲ့ အမှားကတဆင့် ဆာလာက ချေပဂိုးသွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လီဗာပူးတို့ အနိုင်ဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဟန်ဒါဆန်ရဲ့ နောက်ဆုံးမိနစ်ကန်ချက် ဘားတန်းထိခဲ့တာအပါအဝင် ဖူလ်ဟမ်ဘက်ကလည်း အမှားအယွင်း ကြီးကြီးမားမားမရှိတာကြောင့် ရာသီအဖွင့်ပွဲမှာ သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က