ဗီယက်နမ်မှာ ကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာတော့ ဒီနေ့မှာ အိမ်ရှင်ဗီယက်နမ် နဲ့ မြန်မာအသင်းတို့ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒီပွဲကိုတော့ ဗီယက်နမ်ပရိသတ်အများအပြားလာရောက်အားပေးခဲ့ကြပြီး နောက်တဆင့်ကို တက်ရောက်ဖို့အရေးပါတဲ့ ပွဲစဉ်ဖြစ်လို့လည်း နှစ်သင်းစလုံးက အနိုင်ရဖို့ကို ဦးတည်ခဲ့ကြပါတယ်။
ဒါပေမယ့် ဗီယက်နမ်က အိမ်ရှင်အသင်းပီပီ ပွဲကိုဦးဆောင်ကစားနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ တောက်လျှောက်ဆိုသလို ခံစစ်ကိုသာ အားပြုနေခဲ့ရပါတယ်။ အနိုင်ရချင်စိတ်များနေတဲ့ ဗီယက်နမ်တို့ မြန်မာအသင်းခံစစ်ကို ထိုးဖောက်ဖို့တော့ အခက်တွေ့နေခဲ့ပြီး ကြီးကြီးမားမားအခွင့်အရေးမရသလောက်ဖြစ်ခဲ့ကာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ရုံသာ ရှိခဲ့ပါတယ်။
မြန်မာအသင်းကတော့ အောင်ကောင်းမာန်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်တို့လို ပြည်ပထွက်ကစားနေသူတွေကို ပွဲထွက်စာရင်းမှာ ချန်လှပ်ခဲ့ပြီး ဒီပွဲမှာ အနည်းဆုံးသရေတမှတ်ရဖို့ကို မျှော်လင့်ခဲ့ပုံရပါတယ်။ ဒုတိယပိုင်းမှာမှ မောင်မောင်လွင် နဲ့ ဟိန်းထက်အောင်တို့ လူစားလဲဝင်ကစားခဲ့ပြီး ဗီယက်နမ်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ကစားကွက်ပိုင်းအရ အသာစီးအနည်းငယ်ရယူထားတဲ့ ဗီယက်နမ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
မြန်မာအသင်း သရေကစားနိုင်မယ်လို့ ထင်မှတ်ခဲ့ရပေမယ့်လည်း ၇၇ မိနစ်မှာတော့ ဗီယက်နမ်က တောက်လျှောက်ဖိအားပေးနေရာကနေ အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ မြန်မာခံစစ်ကစားသမားတွေနဲ့ ဂိုးသမား ဘာမှမတတ်နိုင်ဘဲ အလျှော့ပေးခဲ့ရပြီး ဂိုးပေးခဲ့ရပါတယ်။ ပိုပေါ့ဗ်ကတော့ သူ့ရဲ့ အားကိုးရတဲ့ တိုက်စစ်ကစားသမား အောင်ကောင်းမာန်ကိုပါ ထည့်သွင်းပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။
ဒါပေမယ့် ဗီယက်နမ်က အနိုင်ဂိုးကို ထိန်းကစားသွားခဲ့ပြီးနောက် နောက်တဆင့်တက်ဖို့အတွက် သေချာမယ့်လက်မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ မြန်မာကတော့ အုပ်စုဒုတိယနေရာကို အင်ဒိုနီးရှားနဲ့ အပြိုင်လုရတော့မှာဖြစ်ပြီး မေလ ၁၅ ရက်နေ့ကစားရမယ့်ပွဲက ဆီမီးဖိုင်နယ်အဆင့်ကို မြန်မာနဲ့ အင်ဒို ဘယ်သူတက်ရောက်မလဲဆိုတာ အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။