ဖူလ်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်ပွဲကတော့ ပျင်းရိစရာနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ပွဲချိန်တွင်း အကြိတ်အနယ်ရှိမှုက နည်းပါးခဲ့ပြီး ပွဲအစမှာ မက်တော်မီနေးရဲ့ သွင်းဂိုး ခွင့်ပြုမခံရတာကတော့ ပွဲဆူစေခဲ့ပါတယ်။ ဒီသွင်းဂိုးအတွက် VAR ကို ယူနိုက်တက်ပရိသတ်တွေက အပြစ်တင်ခဲ့ကြပြီး မန်စီးတီးတို့ ဂိုးရခဲ့တုန်းက ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကာ ထောက်ပြမှုတွေလည်း ရှိလာခဲ့ပါတယ်။
အဲရစ်ဆန်ရဲ့ ပြစ်ဒဏ်ဘောကန်တင်ပေးမှုကို ဂါနာချိုက ဖန်တီးပေးခဲ့ပြီး တော်မီနေးက ပိတ်သွင်းခဲ့တာပါ။ ဒီမှာ မက်ဂွိုင်းယားလူကျွံနေတယ်လို့ VAR က ဆုံးဖြတ်ခဲ့ပါတယ်။ မက်ဂွိုင်းယားက ကန်သွင်းယူဖို့ ကြိုးစားခဲ့တာကြောင့် ကစားကွက်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး လူကျွံသတ်မှတ်ခဲ့တာပါ။ တကယ်တမ်းမှာတော့ လူမကျွံဘူးလို့ ထောက်ပြခဲ့ပြီး ဖန်တီးပေးခဲ့တဲ့ ဂါနာချိုကလည်း onside သာ ရှိနေခဲ့လို့ ဂိုးပေးရမယ်လို့ လူမှုကွန်ယက်ပေါ်မှာ ပြောဆိုခဲ့ကြတာပါ။
ယူနိုက်တက်ဟာ ထုံးစံအတိုင်း ကစားကွက်က ဆိုးရွားနေခဲ့ပြီး ဖူလ်ဟမ်က ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်ကလည်း အဝေးကန်ချက်တွေနဲ့သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး အန္တရာယ်တချို့ပေးနိုင်ခဲ့ပေမယ့် အိုနာနာက အပိုင်အခွင့်အရေး ၃ ကြိမ်လောက်ကို လက်စွမ်းပြကာကွယ်သွားခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အိုနာနာက အနီးကပ်ကန်သွင်းချက် ၂ ကြိမ်ကို ဆက်တိုက်ကာကွယ်ပေးခဲ့ပြီး လက်စွမ်းပြခဲ့တာပါ။
ယူနိုက်တက်တိုက်စစ်ကတော့ အားရစရာကိုမရှိခဲ့ဘဲ တန်ဟက်ဂျ်ကလည်း အပြောင်းအလဲမလုပ်နိုင်ခဲ့ပါဘူး။ ဘရူနိုဖာနန်ဒက်စ်ကအစ ခြေစွမ်းပျက်နေခဲ့ကာ အန်တိုနီကလည်း လူပိုသက်သက်ဖြစ်နေခဲ့ပါတယ်။ ဖူလ်ဟမ်က ဒုတိယပိုင်းမှာ ပိုဖိအားပေးနိုင်ခဲ့ပြီး အနိုင်ဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် အိုနာနာကြောင့် သူတို့လည်း အခက်တွေ့ခဲ့ရပါတယ်။
နှစ်သင်းစလုံး လူစားလဲလှယ်မှုတွေပြုလုပ်ပြီး အနိုင်ဂိုးရဖို့ကို ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အိမ်ကွင်းမှာ ဖူလ်ဟမ်က အခွင့်အရေးတွေပိုရခဲ့ပြီး အနိုင်ရလောက်တဲ့ စွမ်းဆောင်ရည်မျိုးပြသခဲ့ပေမုယ့် အိုနာနာကြောင့်သာ သူတို့နစ်နာခဲ့တာပါ။ ပွဲကစားချိန် မိနစ် ၉၀ မှာတော့ ယူနိုက်တက်အတွက် အဖိုးတန်ဦးဆောင်ဂိုးကို ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ ဖာနန်ဒက်စ်က ကန်သွင်းရယူသွားခဲ့ပါတယ်။
ပယ်လီစထရီရဲ့ အားထုတ်မှု၊ မက်တော်မီနေးရဲ့ ဘောလုံးမရရအောင် လိုက်လုမှုကနေ ဘောလုံးရပြီးနောက်မှာ ပင်နယ်တီစည်းထိပ်ကနေ ကန်သွင်းခဲ့တာပါ။ ဒီဂိုးက ရှုံးပွဲဆက်နေတဲ့ ယူနိုက်တက်ကို နိုင်ပွဲပြန်ရဖို့အတွက် ဖြစ်လာစေခဲ့ပြီး အဆိုပါသွင်းဂိုးတဂိုးတည်းနဲ့ ယူနိုက်တက်တို့ အနိုင်ရကာ ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။