လူတန်ကို အနိုင်ရဖို့ တော်တော်လေးကို အားထုတ်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ အိမ်ကွင်းမှာ တန်းတက်လူတန်ကို အသည်းအသန်ကို ကစားခဲ့ရပြန်ပါပြီ။ ပွဲတိုင်းမှာ ပရိသတ်ကို စိတ်ဒုက္ခတွေ လှိမ့်ပေးနေတဲ့ တန်ဟက်ဂျ်ရဲ့ အသင်းဟာ ဒီပွဲမှာလည်း အပိုင်အလုံးတွေကို အသုံးမချနိုင်ခဲ့ဘဲ အများကြီးနစ်နာခဲ့ရပါတယ်။ ယူနိုက်တက်ပရိသတ်တွေ နှလုံးရောဂါရမတတ်ဖြစ်ခဲ့ရပြီး သူတို့အသင်းရဲ့ စွမ်းဆောင်ရည်က တက်မလာဘဲ တော်တော်လေးကို ဆိုးရွားနေခဲ့ပါတယ်။

လူတန်ကတော့ အဝေးကွင်းမှာ သရေတမှတ်ရဖို့ကို ဦးတည်လာခဲ့ပြီး ရည်ရွယ်ချက်အတိုင်း ပီပီပြင်ပြင်ကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ သွင်းဂိုးမရသေးတဲ့ တိုက်စစ်မှူးဟွိုက်စ်လန်းကလည်း အပိုင်လုံး ၃ လုံးထက်မနည်းကို လွဲချော်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း ခြေစွမ်းထပ်ပျောက်နေခဲ့ပြီး ယူနိုက်တက်ဟာ နိုင်ပွဲတပွဲရဖို့ ကစားသမားတွေ အားကုန်ထုတ်ပြီး ကစားနေရကာ တော်တော်လေးကို ပင်ပန်းနေခဲ့ရပါတယ်။ 

လူတန်ရဲ့ အပိုင်ကန်သွင်းချက်တချို့ကို အိုနာနာသာ မကာကွယ်နိုင်ခဲ့ရင် ဂိုးတောင်ပေးခဲ့ရမယ့် အနေအထားရှိခဲ့တာပါ။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးရထားတဲ့ ယူနိုက်တက်တို့ မိနစ် ၆၀မှာမှ လင်ဒီလော့ဖ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ရက်ရ်ဖို့ဒ်ရဲ့ ကန်ချက်ကို လူတန်နောက်ခံလူရှင်းထုတ်ပြီး ပြန်ထွက်လာတာကို လင်ဒီလော့ဖ်က အပိုင်ပိတ်သွင်းသွားခဲ့တာပါ။ 

ဂါနာချို၊ ဟွိုက်စ်လန်းတို့သာ ဂိုးသွင်းသေချာခဲ့ရင် ယူနိုက်တက်ဟာ ဂိုးပြတ်နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့မှာ့ပါ။ ဒါပေမယ့် သူတို့ရဲ့ အဆုံးသတ်ပိုင်း ညံ့ဖျင်းနေခဲ့လို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း အပိုင်ကန်ခွင့်ရပေမယ့် ဂိုးသမားတည့်တည့်သာကန်ခဲ့ပါတယ်။ အဆုံးမှာတော့ ယူနိုက်တက်တို့ လင်ဒီလော့ဖ်ရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ လူတန်ကိုအနိုင်ရပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။


Share

Loading Next Article...
က္က