တန်ဟက်ခ်ကို မကျေမနပ်ဖြစ်လာကြပြန်တာပါ။

ယူနိုက်တက်ကစားသမားတွေဟာ နည်းပြတန်ဟက်ခ်ရဲ့ အနေအထားအပေါ် ကျေနပ်အားရမှုမရှိဘဲ အသင်းတွင်းမှာ အကြိတ်အခဲတွေ ကြီးထွားလာခဲ့ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ နိုင်ပွဲ နှစ်ပွဲသာ ရရှိထားတဲ့ အသင်းတစ်သင်းပါ။



လက်ရှိမှာတော့ ယူနိုက်တက် ကစားသမားတွေဟာ တန်ဟက်ခ်ရဲ့ လူသိရှင်ကြားဝေဖန်မှု၊ အသင်းမှာ သူ့ရဲ့ တပည့်ဟောင်းတွေကို အလေးပေးဆက်ဆံမှုတွေအပေါ် မကျေမနပ်ဖြစ်နေကြောင်း သိရှိရပါတယ်။ တန်ဟက်ခ်ဟာ ဒီရာသီအတွင်းမှာပဲ ဆန်ချိုအပြင် အသင်းရဲ့ ခံစစ်ကစားသမားတွေကို လူသိရှင်ကြား ဝေဖန်ထားခဲ့ပါတယ်။

အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ တန်ဟက်ခ်က ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကို သတင်းစာရှင်းလင်းပွဲအတွင်း ပြစ်တင်ဝေဖန်ခဲ့တာကြောင့် ဆန်ချိုနဲ့ ပြဿနာတက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း အသင်းရဲ့ခံစစ်ပိုင်းကို ဝေဖန်ခဲ့ပါသေးတယ်။

ဒါပေမယ့် တန်ဟက်ခ်က အသင်းတွင်းမှာ သူ့ရဲ့ တပည့်တွေဖြစ်တဲ့ အန်တိုနီ၊ အိုနာနာတို့နဲ့ ပတ်သက်လို့ အမြဲတမ်း ကာကွယ်ပေးထားတယ်လို့ အခြားကစားသမားတွေက ယုံကြည်နေပြီး ဒီအပေါ်မှာ အခြေခံကာ အခုလိုမျိုး သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ တန်ဟက်ခ်ဟာ အန်တိုနီရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုကိစ္စမှာ သူ့တပည့်ဟောင်းကို ပစ်ပယ်ထားခြင်းမရှိသေးပါဘူး။

ဒါ့အပြင် အိုနာနာ အမှားအယွင်းတွေ ဆက်တိုက်ကျူးလွန်နေသည့်တိုင် မျက်ကွယ်ပြုထားပြီး အသင်းရဲ့ခံစစ်ပိုင်းကိုသာ ဝေဖန်ခဲ့တာပါ။ ယူနိုက်တက်ကစားသမားတွေကလည်း နည်းပြအဆက်ဆက်မှာ အခုလိုမျိုး ပြဿနာတွေဖြစ်ပွားခဲ့ဖူးပြီး အခုကိစ္စက တန်ဟက်ခ်ရဲ့ ယူနိုက်တက်နည်းပြဘဝအနာဂတ်ကိုပါ လှုပ်ခတ်လာစေနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က