အမှတ်ပေးဖလားအတွက် အရေးကြီးတဲ့အချိန်ကို ရောက်နေပြီဆိုကာမှ အာဆင်နယ်ကတော့ ဇယားအောက်ဆုံးက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၃ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ သရေကျအောင်တောင် မနည်းကန်ယူခဲ့ရတာဖြစ်ပြီး ဆောက်သမ်တန်ရဲ့ တန်းဆင်းဇုန်က ရုန်းထွက်ခဲ့တဲ့ ရုန်းအားက အာဆင်နယ်ကို အမှတ်ပေးဖလားနဲ့ပါ လွဲချော်သွားစေဖို့အတွက် ဖြစ်လာခဲ့ပါပြီ။
ပွဲအစ ၁ မိနစ်မှာပဲ ဆောက်သမ်တန်အတွက် ကားလို့စ်အယ်လ်ကာရက်ဇ်က ဦးဆောင်ဂိုးစသွင်းခဲ့ပြီး ၁၄ မိနစ်မှာ အာဆင်နယ်ကစားသမားဟောင်း သီယိုဝဲလ်ကော့က နောက်တဂိုးထပ်သွင်းခဲ့လို့ အမ်းမရိတ်ကွင်းကြီးတခုလုံး ငြိမ်သက်သွားခဲ့ရပါတယ်။ မိနစ် ၂၀ မှာ မာတင်နယ်လီက ချေပဂိုးတဂိုးပြန်သွင်းနိုင်ခဲ့လို့ အာဆင်နယ် ပြန်လာနိုင်ဖို့တော့ မျှော်လင့်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၆၆ မိနစ်မှာ ဆောက်သမ်တန်က နောက်တဂိုးထပ်သွင်းကာ အာဆင်နယ်တို့ တော်တော်လေးရုန်းကန်လိုက်ရပြီး ၈၈ မိနစ်နဲ့ မိနစ် ၉၀ မှာ အိုဒီဂတ်နဲ့ ဆာကာတို့ရဲ့ ဂိုးတွေကြောင့်သာ သရေတမှတ်ပြန်ယူနိုင်ခဲ့တာပါ။ ဒီပွဲကတော့ အာဆင်နယ်တို့ ၃ ပွဲဆက်တိုက် သရေကျခဲ့တာဖြစ်ပြီး အခုဆိုရင် မန်စီးတီးထက် ၂ပွဲပိုကစားထားတဲ့ အခြေအနေမှာ ရမှတ် ၅ မှတ်သာ ကွာဟပါတော့တယ်။
မန်စီးတီးအနေနဲ့ အဆိုပါ ၂ပွဲစလုံးကို အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်ကို တမှတ်အသာနဲ့ ပြန်ဦးဆောင်နိုင်တော့မှာဖြစ်ကာ အမှတ်ပေးဖလားအတွက် အခြေအနေကောင်းသွားတော့မှာလည်းဖြစ်ပါတယ်။ အာတီတာရဲ့ အသင်းကတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ အနေအထားကနေ သူများအသင်း ခြေချော်တာကို ထိုင်စောင့်ရမယ့်ကိန်း ပြန်ရောက်သွားခဲ့ပါပြီ။
တရာသီလုံးကို ဦးဆောင်လာခဲ့ပြီးမှ နောက်ဆုံးပန်းဝင်ခါနိးအချိန်မှာ သရေပွဲတွေဆက်တိုက်ကျနေခဲ့ရပြီး ခံစစ်ကလည်း ပေးဂိုးတွေ ဒလဟောခွင့်ပြုခဲ့ရတဲ့နောက် အာဆင်နယ်တို့ရဲ့ မျှော်လင့်ချက်တွေက ယိမ်းယိုင်လာခဲ့ပါပြီ။ ဆောက်သမ်တန်ကတော့ သူတို့တန်းဆင်းရဖို့ နီးစပ်နေပေမယ့် အာဆင်နယ်ကို တတ်နိုင်သလောက် ဒုက္ခပေးသွားခဲ့တာလည်းဖြစပါတယ်။